ဗလမင်းထင်တံတားဖြတ်သန်းခွင့် အချိန်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကိုဖြတ်ကူးတည်ဆောက်ထားသော ဗလမင်းထင်တံတားအနီးရှိ စုပေါင်းစစ်ဆေးရေးဂိတ်တွင် ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း တံတားဖြတ်သန်းသွားလာခွင့်အချိန်ကို နံနက်ခြောက်နာရီမှ ညခုနစ်နာရီအတွင်း ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်။

ဗလမင်းထင်တံတားကို ယခင်က နံနက်ငါးနာရီမှ ညကိုးနာရီအတွင်း ဖြတ်သန်းသွားလာခွင့်ပြုထားသော်လည်း စုပေါင်းဂိတ်တိုက်ခိုက်ခံရသည့်နောက်ပိုင်း ဖြတ်သန်းသွားလာခွင့်ကို ပြောင်းလဲလိုက်ခြင်းဖြစ်သည်ဟု တံတားကိုဖြတ်သန်းသွားခဲ့သော အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ဗုံးပေါက်ကွဲပြီးကတည်းက တံတားအဝင်တွေမှာတော့ တံတားဖွင့်ချိန်ဆိုပြီးတော့ မနက်ခြောက်နာရီကနေ ညနေပိုင်း ခုနှစ်နာရီ ဆိုပြီးတော့ရေးထားတယ်။ အဲ့စာသားကိုတော့ နှစ်ဖက်စလုံးမှာရေးထားတယ်။ နာရီအတိအကျ ဖွင့်ပိတ်တာ။ မိနစ်တောင်မစွန်းရဘူးပြောတယ်” ဟု ဆိုသည်။
လက်နက်ကြီး ထိမှန်ထားသော အဆောင်ကိုလည်း ပြန်လည်ပြုပြင်ထားသလို လုံခြုံရေးလည်း တင်းကျပ်ထားကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
“လက်နက်ကျတဲ့ဂိတ်ကလည်း သူတို့နည်းနည်း ပြင်လိုက်ပြီ။ အသစ်ကြီးတော့မဟုတ်ဘူး။ နည်းနည်းပါးပါး ပြင်ပြီးမှပဲ အဲ့အထဲမှာပြန်နေနေကြပြီ။ ဗုံးကွဲပြီးတဲ့နောက်ပိုင်း စစ်တယ်။ လုံခြုံရေးတင်းကြပ်လို့ သွားလာဖို့တောင် ခက်ခဲနေတယ်။ ဖုန်းစစ်ဆေးတာတွေရှိပြီး ဖုန်းမပါရင်လည်း ဘာလို့မယူလာခဲ့တာလဲဆိုပြီး ပြောတယ်” ဟု ပြောသည်။
ဗလမင်းထင်တံတားအနီးရှိ စုပေါင်းစစ်ဆေးရေးဂိတ်တွင် ဇွန်လ ၂၃ ရက်နေ့၌ KIA မှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် စစ်ဆေးရေးဂိတ်နှင့် ရဲကင်းစခန်းများ ပျက်စီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ထိခိုက်ဒဏ်ရာရခဲ့သည်။

ထိုသို့ကဲ့ ပျက်ဆီးဆုံးရှုံးမှုအခြေအနေအား ပြည်နယ်စစ်ကောင်စီ ဥက္ကဌ ဦးခက်ထိန်နန်နှင့်အဖွဲ့က ပျက်စီးဆုံးရှုံးမှုအခြေအနေအား ရှုစားခဲ့ကြပြီး ဂိတ်တွင်တာဝန်ကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အားပေးစကားပြောကြားကာ လေးသိန်းကျပ်ထောက်ပံ့ပေးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ