COVID-19 Update

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရှိ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်၁၉ သံသယ လူနာများကို ပိုးစစ်ဆေးမှု မပြုလုပ်ပေးဘဲ ပြန်လွတ်နေကြောင်း လူနာများထံမှ သိရသည်။

မြစ်ကြီးနားပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများသည် ကိုဗစ်ပိုးစစ်ရန်ရောက်လာသည့် သံသယလူနာများကို ဖုန်းဖြင့်ပြန်လည်ဆက်သွယ်ပေးမည်ဟု ပြောပြီး ပြန်လည်ဆက်သွယ်လာခြင်း မရှိကြောင်း ကိုဗစ်ပိုးတွေ့ရှိသူ အနံ့ပျောက်လူနာတစ်ဦးက The 74 Media ကိုပြောသည်။
“ဖျားပြီး နှစ်ရက်နေတော့ အနံ့ပျောက်သွားတာ။ အဲ့တာနဲ့ မသင်္ကာလို့ဆိုပြီး ဆေးရုံသွားတယ်။ နာမည်စာရင်းယူ ဖုန်းနံပါတ်ယူ စာအုပ်လုပ်ပေး Civic လေးပေးပြီး CDM လုပ်နေတဲ့ ဝန်ထမ်းတွေကြောင့်မို့ရယ်ဆိုပြီး ပြောတယ်။ ပြည်သူ့ဆေးရုံက ကျွန်တော့်ကို ဖုန်းပြန်ဆက်မယ်ဆိုပြီး ပြောသေးတယ်။ ဒါပေမယ့် မဆက်ဘူး။ လွယ်လွယ် ပြောလွှတ်လိုက်တာ” ဟုသူကပြောသည်။
ကိုဗစ်ပိုးကူးစက်ခံထားရသည့် အခြားအနံ့ပျောက်လူနာ တစ်ဦးကလည်း ဆေးရုံတို့ ဆေးစစ်ရန် ရောက်ရှိခဲ့ကြောင်းနှင့် ပြန်လည်ဆက်သွယ်လာခြင်းမရှိကြောင်း သူ၏ မိသားစုဝင်တစ်ဦးကပြောသည်။
“ဆေးရုံကတွေလည်း အရေးမလုပ်ပေးဘူး။ ဖုန်းနံပါတ်ယူထားပြီး မဆက်သွယ်လာဘူး။ သူတို့ ဖုန်းဆက်လာမှာကို စောင့်ရင်းနဲ့ ကိုယ့်ကိုယ်ကိုကုနေကြရတာ” ဟုသူကပြောသည်။
ကိုဗစ်အနံ့ပျောက်လူနာများသည် မြစ်ကြီးနားပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ကျန်မာရေး ဝန်ဆောင်မှုများ ရရှိကြောင်း သူကဆက်ပြောသည်။
မြစ်ကြီးနားမြို့တွင် ကိုဗစ်ကူးစက်ခံရသူ အများအပြားရှိနေပြီး ပြည်သူ့ဆေးရုံ၌ စစ်ဆေးမှု မပြုလုပ်ပေးသောကြောင့် မိမိနေအိမ်တွင် Quarantine နေ၍ ကုသနေသူများလည်း ရှိကြောင်း သိရသည်။
ကိုဗစ် ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် ကွာရန်တင်းစင်တာများမှ လူနာများ၏ အစားအသောက်များကို အလှူရှင်များမှ ထောက်ပံ့ပေးခဲ့သော်လည်း ယခု တတိယလှိုင်းတွင် လူနာများ၏ စားရေးသောက်ရေးကို မိသားစုများက တာဝန်ယူရကြောင်းသိရသည်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာန၏ ဇွန်လ ၂၇ ရက်နေ့ ည ၈ နာရီသတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာစုစုပေါင်း (၁၅၃,၁၆၀) ဦး ရှိပြီး သေဆုံးသူစုစုပေါင်း (၃,၂၉၇) ဦးရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ