နောင်မွန်မြို့

ကချင်ပြည်နယ်၊ နောင်မွန်မြို့နယ်တွင် ဓမ္မအမှုတော်ဆောင်ဆရာ သုံးဦးကို စစ်ကောင်စီက ၅၀၅-က ဖြင့် အမှုဖွင့် တရားစွဲဆိုထားကြောင်း ဒေသခံများထံမှ သိရသည်။

နောင်မွန် ယဉ်ကျေးမှုအဆောင်တွင် မေလ ၃ ရက်နေ့က ပြုလုပ်ခဲ့သည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲတွင် တက်ရောက်ခဲ့သည့် ခရစ်ယာန်ဘာသာရေးဆရာသုံးဦးကို တရားစွဲဆိုထားခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“အဲ့မှာဆုတောင်းခိုင်း၊ တရားဒေသနာဟောခိုင်းပေါ့ အဲ့လိုတက်ရောက်တဲ့ ဆရာတွေကို ပြန်လိုက်ခေါ်တာပေါ့၊ ဝရမ်းလို ခေါ်တာပေါ့၊ ရိုးရာတွေလုပ်တဲ့ ပွဲဟုတ်တယ်” ဟုသူကပြောသည်။
ဘာသာပေါင်းစုံ ဆုတောင်းပွဲအစီအစဉ်တွင် တက်ရောက်ခဲ့သည့် ဆရာ ငါးဦးအနက် ဆရာဦးဂျီဆင်ဆာရ်း၊ ဆရာဦးဇာကွန်းထီန နှင့် ဆရာဦးမာန်ခူဒီးတို့ သုံးဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ယခုလို အမှုဖွင့်အရေးယူသည်မှာ ဒေသခံများဖြစ်ကြသည့် ဦးမယစ်ယောရှု နှင့် ယဉ်ကျေးမှုမှ လူကြီးများတချို့နှင့် ပြည်သူ့စစ်အပါအဝင်၊ ယဉ်ကျေးမှုအကြံပေး ဦးဇာကွန်းဂျောင်းဆာရ်းတို့ကြောင့် ဖြစ်နိုင်သည်ဟု ဒေသခံတို့က ပြောဆိုနေကြသည်။
ဒေသခံများ၏ ယူဆချက်များသည် ဖြစ်နိုင်ချေရှိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ဖြစ်နိုင်တယ်၊ အခုလိုအလုပ်တွေက သူတို့ပဲလုပ်နေကျဆိုတော့လေ၊ သူတို့ရိုးရာတွေ လုပ်တဲ့ပွဲမှာ သူတို့ဖိတ်လို့ လာတဲ့သူတွေကို ပြန်တရားစွဲတာပေါ့ ” ဟုသူကပြောသည်။
၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသူ သုံးဦးကို ယနေ့ ဇွန်လ ၂၈ ရက်နေ့တွင် ပူတာအိုခရိုင်တရားရုံးတွင် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

နောင်မွန်မြို့သည် လူဦးရေ စုစုပေါင်း ၇၇၂၂ ဦး ရှိသည့် ကချင်ပြည်နယ်မြောက်ပိုင်းရှိမြို့နယ်တစ်ခုဖြစ်ပြီး ခရစ်ယာန်ဘာသာဝင် ၉၅ ရာခိုင်နှုန်း ရှိသည့် မြို့နယ်ဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ