စစ်​ကောင်စီအတွက် ကား​မောင်း​ပေးရင်း ​သေဆုံးခဲ့သူ၏ မိသားစုကို ​အကူ​ငွေ တစ်သိန်း​နှင့် ဆန်တစ်အိတ်ပေး

စစ်ကောင်စီတပ်ကို ​မော်​တော်ယာဥ်​မောင်း​ပေးရင်း ကေအိုင်အေအဖွဲ့ တိုက်ခိုက်ခံရ​သော​ကြောင့် သေဆုံးခဲ့သည့် ကားဆရာ၏ မိသားစုဝင်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကူငွေ တစ်သိန်းနှင့် ဆန်တစ်အိတ် ပေးခဲ့ကြောင်း သိရသည်။

စစ်​ကောင်စီအတွက် ကား​မောင်း​ပေးရင်း ​သေဆုံးခဲ့သူ၏  မိသားစုကို ​အကူ​ငွေ တစ်သိန်း​နှင့် ဆန်တစ်အိတ်ပေး

 

သေဆုံးသွားသည့် အသက် ၅၅ နှစ်အရွယ် ကားဆရာ ဦးစောငြိမ်းသည် ဇွန်လ ၂၁ ရက်နေ့က တာမခန်-ဆယ်ဇင်း ကျေးရွာကြားရှိ ကျောက်ပုံရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် ကား​မောင်း​ပေးရင်း ကေအိုင်အေအဖွဲ့၏ ကြားဖြတ်တိုက်ခိုက်ခံရချိန် လက်နက်ကြီး ထိမှန်ပြီး ကားမီးလောင်ပြာကျကာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
သေဆုံးသွားသည့် ဦးစောငြိမ်း၏ မိသားစုများထံသို့ လျော်ကြေးပေးခြင်း မဟုတ်ဘဲ အကူငွေ ဟုဆိုကာ ငွေကျပ် တစ်သိန်းနှင့် ဆန်တစ်အိတ်ပေးခဲ့ကြောင်း နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“လက်နက်ကြီးထုလို့သေတာ၊ ပိုက်ဆံနဲ့ငှားတာလိုက်လိုက်တာ၊ စစ်တပ်ကနေ ကူတာပေါ့ဗျာ။ လျော်ကြေးပေးတာ မဟုတ်ပါဘူး။ ဆန်တစ်အိတ်နဲ့ပိုက်ဆံတစ်သိန်းလာကူတာပေါ့”ဟု​ပြောသည်။
ကားဆရာ ဦး​စောငြိမ်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ္စည်းသယ်ခ အဖြစ် အသွားအပြန် ငွေကျပ် တစ်သိန်း ပေးမည်ဟုဆိုကာ တာမခန်မှ ကားနှစ်စီးနှင့် ဆယ်ဇင်းမှ ကားသုံးစီး ငှားရမ်းခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက် အရသိရသည်။
ဆုံးပါးသွားသည့် ဦးစောငြိမ်းရုပ်အလောင်းကို ပီနံအိတ်ဖြင့်ထုတ်ကာ ဦးစောငြိမ်းအိမ်သို့ လာရောက်ပို့ဆောင်ခဲ့ကြောင်းလည်း ဒေသခံများ၏ ပြောကြားချက် အရသိရသည်။
ဦး​စောငြိမ်း​သေဆုံးသွား​သောနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်ပါသည့် အရပ်သားကား ၅ စီးဖြင့် ဆယ်ဇင်းမှ တာမခန်သို့ သွားသောလမ်းခရီးတွင် ကေအိုင်အေမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ စစ်သား ၈ ဦးထက် မနည်း ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ကားတစ်စီးမီးလောင်ပြာကျခဲ့သည်။

Photo : CJ

သင့်ထင်မြင်ချက်ရေးပေးပါ