ပူတာအို မူလာရှီးဒီစုပေါင်းဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝါဒဖြန့်လက်ကမ်းစာစောင် ဖြန့်ဝေနေ

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာရှီးဒီစုပေါင်းဂိတ်တွင် ဇွန်လ ၂၅ ရက်နေ့ နံနက် ၈ နာရီမှစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာသူများကို ဝါဒဖြန့်စာစောင်များ ပေးဝေနေကြောင်းသိရသည်။

ပူတာအို မူလာရှီးဒီစုပေါင်းဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝါဒဖြန့်လက်ကမ်းစာစောင် ဖြန့်ဝေနေ

ပူတာအိုမြို့နယ် မူလာရှီးဒီစုပေါင်းဂိတ်တွင် ရဲနှင့်စစ်သားများက ဂိတ်မှ ဖြတ်သန်းသွားလာသူများကို ဝါဒဖြန့်စာစောင်များအား ဖြန့်ဝေနေခြင်းဖြစ်သည်ဟု စာစောင်လက်ခံရရှိသည့် အမည်မဖော်လိုသူတစ်ဦးက The 74 Mediaကိုပြောသည်။
“မူလာရှီးဒီ စုပေါင်းဂိတ်မှာ စစ်တပ်က ဝေတဲ့ လက်ကမ်းစာစောင်တွေဟုတ်တယ် ဒီနေ့တစ်နေကုန်ဝေမယ့် သဘောရှိတယ် သူတို့လက်မှာအများကြီးကိုင်ထားတယ် လမ်းသွားလမ်းလာ က ခရီးသွားတွေကိုပေးတာပါ စုပေါင်းဂိတ်က ရဲတွေစစ်သားတွေ ပေးနေတာ” ဟုသူကပြောသည်။
လက်ကမ်းစာစောင်သည် စာမျက်နှာလေးမျက်နှာပါဝင်ပြီး CRPH, NUG,PDFနှင့် NLD အစွန်းရောက်တို့သည် နိုင်ငံတော်အုပ်ချုပ်မှု ယန္တရားကို ပျက်ပြားစေရန် အကြမ်းဖက် မီးရှို့ လူသတ်လုပ်ရပ်များပြုလုပ်နေသည်၊ အပြစ်မဲ့ပြည်သူများအား လူအုပ်စုဖြင့် အနိုင်ကျင့်ပြီး လူမဆန်စွာ သတ်ဖြတ်နေသော CRPH, NUG,PDFနှင့် NLD အစွန်းရောက် အကြမ်းဖက်အုပ်စုများ၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့် ကျောင်းထွက်သူပပျောက်ရေး ပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်ပေး စသည်တို့ရေးသားထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက မတ်လအတွင်း မြစ်ကြီးနား၊ နမ္မတီးနှင့် မိုးကောင်းမြို့များတွင် ဝါဒဖြန့်စာများ ဖြန့်ဝေခြင်းနှင့် အများပြည်သူတွေ့ရှိနိုင်သည့်နေရာများတွင် လိုက်ကပ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

မူလာရှီးဒီစုပေါင်းဂိတ်သည် မူလာရှီးဒီတံတားအနီးရှိပြီး ပူတာအိုမြို့မှ ၇ မိုင်ခန့်အကွာရှိ မူလာရှီးဒီကျေးရွာအနီးတွင်တည်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ