ဟိုပင်တွင် CDM ဝန်ထမ်းများကို စစ်ကောင်စီက ခြိမ်းခြောက်ပြီး ရထားလမ်းပြုပြင်ခိုင်း

ကချင်ပြည်နယ် ဟိုပင်မြို့တွင် ယနေ့ ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက CDM မီးရထား ဝန်ထမ်းများကို အတင်းအကျပ် အလုပ်လုပ်ဆင်းခိုင်းနေကြောင်းသိရသည်။

ဟိုပင်တွင် CDM ဝန်ထမ်းများကို စစ်ကောင်စီက ခြိမ်းခြောက်ပြီး ရထားလမ်းပြုပြင်ခိုင်း

 

CDM ဝန်ထမ်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်များဖြင့် ခြိမ်းခြောက်လက်မှတ်ထိုးခိုင်းပြီး မီးရထားသံလမ်းပိုင်း သန့်ရှင်းရေးနှင့် မိုင်းကွဲထားသည့် နေရာများကို ပြုပြင်ရန် ဖိအားပေးခိုင်းစေမှုများ ပြုလုပ်နေခြင်းနေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ မျက်မြင်တစ်ဦးက The 74 Media ကို ပြောသည်။
“ငါးလလောက် ရထား မသွားထားတော့ ချုံပင် နွယ်ပင်တွေ အုပ်ဆိုင်းနေပြီး တစ်ချို့ သံလမ်း မိုင်းခွဲခံရတာတွေ ပြင်နေ လုပ်နေရတယ် ပြောပြတယ်၊ မနက်ကတည်းနေ စကစတွေ ရောက်လာပြီး ဝန်ထမ်းလိုင်း အားလုံးကို ပိတ်ဆို့လိုက်တာ အဝင်အတွက် မလုပ်ခိုင်းဘူး၊ လက်နက်ကိုင်လာကြပြီး ဝန်ထမ်းတွေကို ခြိမ်းခြောက်လက်မှတ်ထိုး သံလမ်းပြင်ဖို့ အလုပ်ဆင်းခိုင်းနေကြတာ၊ သေနတ်တွေနဲ့ အတင်း ဖိအားပေး ခေါ်သွားကြတာ ၊ ဒီနေ့မှ စတာ ဗြုန်းတိုင်းကြီးပေါ့” ဟုသူကပြောသည်။
ဟိုပင်မြို့အနီးရှိ ကြာကြီးကွင်းကျေးရွာမှ တံတားညီနောင်ခေါ် ကားလမ်းနှင့် ရထားလမ်းတံတားသည် ဧပြီလ ၂၇ ရက်နေ့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ယခုချိန်ထိ ပြန်လည်မှုများမပြုလုပ်ရသေးသောကြောင့် ထိုတံတားပြန်လည်ပြုပြင်ရန် ဖြစ်နိုင်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။
သံလမ်းပြုပြင်နေသော နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့် ကင်းပုန်းချထားပြီး စောင့်ကြည့်နေသည်။
စစ်ကောင်စီ၏ ခြိမ်းခြောက်ဖိအားပေးမှုကြောင့် အလုပ်ဆင်းနေရသဖြင့် ဝန်ထမ်းမိသားစုများက အသက်အန္တရာယ်စိုးရိမ်နေရကြောင်း ဝန်ထမ်းများနှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ခုလိုမျိုးဖြစ်နေတော့ ဝန်ထမ်းမိသားစုတွေ အနေနဲ့လည်း စိုးရိမ်ပူပန်မှုရှိတာပေါ့ ကြားညှပ်သလိုဖြစ်နေတော့ ပြည်သူက လာလုပ်မှာလည်း ကြောက်တယ် ပြီးတော့ အလုပ် ပြန်မလုပ်ဘူးဆိုလို့ရှိရင် စစ်ကောင်စီတို့က ပြန်လုပ်မှာလည်း ကြောက်တယ်။ ဘေးကြပ်နံကြပ်ဖြစ်တာထက်ကို ဘယ်လိုပြောရမလဲ ဝန်ထမ်း ကိုပဲ သတ်သွားမလား ဖမ်းသွားမလား မိသားစုကိုလည်း ဘာလုပ်သွားမလဲ အဲ့လိုမျိုးတွေ ကြောက်နေရတာ” ဟု ဆိုသည်။
စစ်ကောင်စီ၏ ခြိမ်းခြောက်ခိုင်းစေမှုကြောင့် CDM ဝန်ထမ်းမှ အမြဲတမ်းဝန်ထမ်း အဖြစ် ၇ ဦးခန့် အလုပ်ဆင်းနေရကြောင်း သိရသည်။
မိုးညှင်းမြို့နယ် မြန်မာ့မီးရထား စက်မှုအင်ဂျင်နီယာဌာန၊ ပို့ဆောင်ရေးဌာနနှင့် သွားလာရေးဌာန ၃ ခုရှိ ဝန်ထမ် ၃၀၀ ကျော်မှ ၉၀ ရာခိုင်နှုန်းခန့် CDM ပြုလုပ်ခဲ့ပြီး စက်မှုအင်ဂျင်နီယာဌာနမှ ဝန်ထမ်း ၄၉ ဦးကို ဧပြီ ၂၃ ရက်နေ့တွင် ရာထူးမှ ယာယီရပ်ဆိုင်းခဲ့သည်။

ဟိုပင်မြို့တွင် လူဦးရေ ၂၃၅၀၀ ကျော်နေထိုင်ပြီး ကချင်၊ ရှမ်းနှင့် ဗမာ လူမျိုးများ အများဆုံးနေထိုင်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ