မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမတစ်​လျှောက် ည ၇နာရီမှ နံနက် ၅နာရီအတွင်း ခရီးသွားလာခြင်းမပြုရန် ​ကေအိုင်​အေ သတိ​ပေး

ကချင်ပြည်နယ်၊ တနိုင်း ဟူး​​ကောင်း​​ဒေသ ​ကေအိုင်​​အေ တပ်ရင်း ၁၄ အတွင်း ခရီးသွားလာမည့် ပြည်သူများအ​နေဖြင့် ညနေ ၇ နာရီမှ နံနက် ၅ နာရီအတွင်း ခရီးသွားလာခြင်းမပြုရန် ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင် KIA က သတိ​ပေးထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် ၎င်းနယ်မြေအတွင်းနေထိုင်ကြသည့်ပြည်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် သွားလာနေသည့် ပြည်သူများအားလုံး မြစ်ကြီးနားမှ တနိုင်းလီဒိုလမ်းမတစ်လျှောက်နှင့် လီဒိုလမ်းမ၏ အခြားနေရာများသို့သွားလာ၍ရသည့်လမ်းကြောတစ်လျှောက် ခရီးသွားလာခြင်းကို သတ်မှတ်ထားသည့် အချိန်အတွင်းသွားလာခြင်းမပြုရန် ဖော်ပြထားသည်။
သတ်မှတ်ထားသည့်နယ်မြေအတွင်း အိမ်စီးကားများ၊ ခရီးသည်တင်ယာဥ်များ၊ ရေယာဥ်များနှင့် ကုမ္ပဏီသုံးယာဥ်များအားလုံးသည် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့၏ စစ်ပစ္စည်း၊ လက်နက်ခဲယမ်းများနှင့် စားနပ်ရိက္ခာများသယ်ဆောင်ခြင်း၊ ၎င်းတို့တပ်ဖွဲ့ဝင်များအား သယ်ယူပို့ဆောင်ပေးခြင်းများနှင့် မသင်္ကာဖွယ်ရာမိုးကာများအုပ်၍ သွားလာခြင်းများမပြုလုပ်ရန်လည်း ထို သတိပေးချက်ပါရှိသည်။

ဖော်ပြထားသည့်သတိပေးချက်များအား လိုက်နာမှုမရှိလျှင် ဖြစ်ပေါ်လာသည့် ပြသနာများကို လုံးဝတာဝန်ယူမည်မဟုတ်ကြောင်းကိုလည်း သတိပေးဖော်ပြထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ