ဗန်း​မော်စစ်​ရှောင်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ရွှေညောင်ပင်ဂိတ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် သန့်ရှင်းရေးခမောက်ပရဟိတအဖွဲ့ဝင်များကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ဖမ်းဆီးထားသည်မှာ ၁၀ရက်ခန့်ရှိပြီဖြစ်​ကြောင်း အသင်းဝင်များထံမှ သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ ပရဟိတသမား ရှစ်ဦးအပါအဝင် ကားသမားတစ်ဦး စုစုပေါင်းကိုးဦးတို့ကိုလက်ရှိအချိန်ထိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်သာ ထိန်းသိမ်းခံထားရသည်ဟု အဖွဲ့ဝင်တစ်ဦးဖြစ်သူက The 74 Media ကို ပြောသည်။
“အခုကတော့တိုင်းမှာပဲရှိသေးတယ်လို့ပြောတယ်၊ သူတို့သွားတဲ့အဖွဲ့တွေရေ ကားသမားရေပေါ့၊ အဖွဲ့ထဲက တစ်ယောက်ရဲ့မိသားစုတွေဆီကကြားတာတော့ အဲ့ထဲမှာအဆင်ပြေတယ်လို့တော့ကြားတယ်၊ ပြန်ကြားတာပေါ့” ဟု ပြောသည်။
အဆိုပါ လူမှုကူညီရေးအဖွဲ့သည် ဗန်းမော်မြို့ရှိ စစ်ရှောင်စခန်းများထံ သွားရောက်ကူညီပြီးပြန်လာရာမှ မေလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ဝိုင်းမော်မြို့ ရွှေညောင်ပင်ဂိတ်အ​ရောက်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျန်ရှိနေသေးသည့် ပရဟိတအသင်းအဖွဲ့ဝင်များကိုလည်း လိုက်လံရှာဖွေနေသည်ဟု သူကဆက် ပြောသည်။
စစ်​ကောင်စီ၏ ဖမ်းဆီးခံရသူများမှာ ကောင်းဆက်ဝေ၊ စိုင်းလူခေး၊ ကိုစိုင်းဝင်းဖြိုး၊ ကော့ဘူ၊ ဂရေစ့်၊ နန်းအေး မော်သက်၊ ကိုဇော်ဌေးနှင့် သစ်ဆန်းရဲထွဠ့် တို့ စုစုပေါင်း ၈ ဦးဖြစ်ပြီး မြစ်ကြီးနား၊ မန္တလေး နှင့် ရှမ်းပြည်နယ်တို့တွင်နေထိုင်ကြသူများဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးထိန်းသိမ်းခံရသူများ ပြန်လည်လွတ်မြောက်နိုင်ရန်အတွက် PCG အဖွဲ့ကိုလည်း အကူအညီတောင်းထားကြောင်းသိရသည်။

– မိုးမောက်မြို့နယ်မှ စစ်ရှောင်ပြည်သူ ( ပုံဟောင်းပြန်လည်အသုံးပြုထားသည်)

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *