လွိုင်​ကော်တွင် စစ်​ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ နမ့်ဘော်ဝမ်ရပ်ကွက်တွင် ဇွန်လ ၉ ရက် ညပိုင်းက စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု့ကြောင့် အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

လွိုင်​ကော်တွင် စစ်​ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်

 

စစ်ကောင်စီက ယမန်နေ့ည ရှစ်ရီခွဲအချိန်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကာ အခြာ တစ်ဦး ဒဏ်ရာရရှိခဲ့​ကြောင်း အမည်မ​ဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“မနေ့ညက ပစ်တဲ့ အချိန် လက်နက်ကြီး အိမ်ပေါ်ကျလို့ နမ့်ဘော်ဝမ်ရပ်ကွက်က တစ်ယောက်ပွဲချင်းပြီး သေသွားတယ်။ အဲ့အိမ်မှာ ညီအစ်ကိုနှစ်ယောက် အကို က နည်းနည်း ဒဏ်ရာရသွားတယ်။ ညီကတော့ ပွဲချင်းပြီးသေသွားတယ်။ စစ်တပ်က ရမ်းပစ်တာ အရင်လည်း အဲ့တိုင်းရမ်းပစ်နေတာ” ဟု ပြောသည်။
ထို့အပြင် လွိုင်ကော်မြို့ ရေနီကန်ရပ်ကွက်တွင်လည်း ယမန်ည စစ်​ကောင်စီ၏ ပစ်ခတ်မှုကြောင့် နေအိမ်ခြံဝင်းအတွင်း လက်နက်ကြီး ကျရောက်ခဲ့သောကြောင့် ပျက်စီးမှုများရှိခဲ့သည်ဟု သူက ဆက်ပြောသည်။
“ရေနီကန် ဘက်မှာကော နေအိမ်တစ်အိမ်မှာ လက်နက်ကြီးကျတယ်။ သုံးလုံးတောင်ကျတယ် အိမ်တော့ မထိဘူး။ ခြံထဲမှာ သုံးလုံးကျတော့ ပျက်စီးသွားတာ ရှိတယ်” ဟု ပြောသည်။
လွိုင်ကော်မြို့တွင် ယမန်ည ၈နာရီခွဲခန့်မှ ၁၀နာရီခန့်အထိ စစ်​ကောင်စီ ခလရ ၅၄ နှင့် ကယားလက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ကယားပြည်နယ် လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆို မြို့နယ်တို့တွင် ဇွန်လ၄ရက်နေ့က စစ်ကောင်စီ၏ ပစ်ခတ်မှု့ကြောင့် ပြည်သူနှစ်ဦး သေဆုံးခဲ့သည်။

Photo : CJ

သင့်ထင်မြင်ချက်ရေးပေးပါ