မင်းတပ်မြို့တွင် စစ်​ကောင်စီက စစ်​မျက်နှာသုံး​ကြောင်းဖွင့်ကာ အပြင်းအထန်တိုက်ခိုက်​နေ

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်မျက်နှာသုံးကြောင်းဖွင့်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDFအား တိုက်ခိုက်နေသောကြောင့် တိုက်ပွဲပြင်းထန်လျက်ရှိနေသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့မှ ယှက်ရွာ၊ ရွှေအောင်သာရွာနှင့် ချောင်းဆုံရွာတို့တွင် စစ်ကြောင်းချီ၍ ယနေ့နံနက် ခုနှစ်နာရီကျော်မှစတင် တိုက်ခိုက်နေကြောင်း ဒေသခံတစ်ဦးမှ The 74 Media ကိုပြောသည်။
“ဒီနေ့ လူငယ်ဘက်က တစ်ယောက်သေတယ်။ ညှပ်တိုက်ခံရတယ်။ အသေအပျောက်ထပ်ရှိနိုင်တယ်။ အဓိက လမ်းတွေကို စစ်ကြောင်းသုံးကြောင်းဖွင့်တိုက်တာ။ RPG နဲ့ မင်းတပ်ရဲ့မြောက်ဖက်ခြမ်း ယှက်ရွာကို ဆက်ထုနေဆဲပါ”ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့မှ မင်းတပ်-မတူပီကားလမ်း ၅ မိုင်လောက်မှ လက်နက်ကြီးများနှင့် ပစ်ခတ်နေသဖြင့် တိုက်ပွဲပြင်းထန်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကြိုးစားပြီး ခုခံ​နေရ​ကြောင်း သူကဆက်ပြောသည်။
အဆိုပါ ယှက်ရွာ၊ ရွှေအောင်သာရွာနှင့် ချောင်းဆုံရွာတို့တွင် လွန်ခဲ့သည့် ဇွန်လ ခြောက်ရက်နေ့တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်ခန့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိနေခဲ့သည်ဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
မင်းတပ်မြို့တွင် တိုက်ပွဲများပိုမိုပြင်းထန်လာသော
ကြောင့် စစ်ဘေးတိမ်းရှောင်နေသောပြည်သူများသည် လက်ရှိနေထိုင်သောနေရာမှ ​နောက်ထပ် အခြားနေရာသစ်သို့ ပြောင်းရွေ့ထွက်ပြေးကြရန် ပြင်ဆင်နေကြောင်းသိရသည်။
ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ကျဆုံးသွားသော ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၀ ဦး ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

– ကျဆုံးသွားသည့် CDF တပ်ဖွဲ့ဝင်

သင့်ထင်မြင်ချက်ရေးပေးပါ