စစ်ကောင်စီတပ်က ဓါတုလက်နက်အသုံးပြုကာ တိုက်ခိုက်နေကြောင်း CDF ပြော

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ရှိ ရွှေအောင်သာကျေးရွာတွင် ထိုးစစ်ဆင်နေသော စစ်ကောင်စီတပ်ဖွဲ့များသည် ဇွန်လ ၆ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF) များကို ဓာတုလက်နက်အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း CDF တပ်ဖွဲ့ဝင်များကပြောသည်။

စစ်ကောင်စီက ဓာတုလက်နက်အသုံးပြု၍ တိုက်ခိုက်နေသောကြောင့် အငွေ့ရှူမိသူများအနေဖြင့် အနားယူနေရကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ဒီတစ်ခါလည်း အဆိပ်ငွေ့သုံးတယ်။ အဲ့အငွေ့သွားရှူမိသူတွေ နားနေရသေးတယ်။ ရှူမိသူတွေကတော့ သုံးဦးလောက်ရှိတယ်” ဟုပြောသည်။
စစ်ကောင်စီတပ်ဖွဲ့က ဓာတုလက်နက်များအသုံးပြုပြီး တိုက်ခိုက်နေမှုကြောင့် အငွေ့ရှူမိသူများသည် မူးဝေသတိလစ်ခြင်း၊ အော့အန်ခြင်းနှင့် အားပြတ်ခြင်းစသည့် ဝေဒနာများ ခံစားနေရကြောင်း သူကဆက်ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် မင်းတပ်မြို့ရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား ဓာတုလက်နက်အသုံးပြု၍ တိုက်ခိုက်မှုသည် သုံးကြိမ်မြောက်ရှိသွားပြီဖြစ်ကြောင်း သူကဆက် ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကချင်ပြည်နယ်အတွင်းရှိတိုက်ပွဲများတွင် ဓာတုလက်နက်အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ယခင်ကလည်း သတင်းထွက်ပေါ်ခဲ့ဖူးသည်။
မင်းတပ်မြို့တွင် ဇွန်လ ၆ ရက်နေ့က ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့များ ၅၀ဦးခန့် သေဆုံး၍ ပြည်သူ့ကာကွယ်ရေးတပ် CDF မှ သုံးဦးကျဆုံးကြောင်း CDF က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် စစ်အင်အားအလုံးအရင်းဖြင့် မင်းတပ်မြို့ရှိ ရှက်ရွာ၊ ချောင်းဆုံနှင့် ရွှေအောင်သာရွာတို့တွင် ထိုးစစ်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ