ချီဖွေစစ်ရှောင်စခန်းမှ သားအမိနှစ်ဦးကို ကေအိုင်အေနှင့်ဆက်သွယ်သည်ဟု စွပ်စွဲကာ ဖမ်းဆီး

ကချင်ပြည်နယ်၊ ချီဖွေမြို့တွင် ဇွန်လ ၁ ရက်နေ့က ချီဖွေ စစ်ရှောင်စခန်း(၂)တွင် နေထိုင်သော မူကြိုဆရာမ ဒေါ်လဘောင်ခေါန်ညွမ်နှင့် သူမ၏သုံးနှစ်အရွယ်သားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကေအိုင်အေနှင့် ပတ်သက်ဆက်နွယ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ချီဖွေစစ်ရှောင်စခန်းမှ သားအမိနှစ်ဦးကို ကေအိုင်အေနှင့်ဆက်သွယ်သည်ဟု စွပ်စွဲကာ ဖမ်းဆီး

 

အသက် ၄၀ အရွယ် ဒေါ်လဘောင်ခေါန်ညွမ်သည် ဇန်နောင်ယန် မူကြိုကျောင်းတွင် အလုပ်လုပ်ကိုင်နေသည့် မူကြိုဆရာမဖြစ်ပြီး စစ်​ရှောင်စခန်းရှိ သူမ၏နေအိမ်တွင် ရှိနေစဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ဦးခန့် လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“KIA နဲ့ အချိတ်ဆက် ရှိတယ် ထင်ပြီး သံသယ ဝင်နေတာ အမှန်တော့ မဟုတ်ဘူး၊ သူက ဇန်နောင်ယန် မူကြိုက ဆရာမ သူ့မှာ သားသမီး ၄ ယောက် ရှိတယ်၊ လာဖမ်းတဲ့အချိန် ရဲ ကား ၂ စီး ပါတယ်၊ စစ်သားနဲ့ရဲ ၂၀လောက်ပါတယ်၊ အခုက ဘာမှ မသိရသေးဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။
လက်ရှိအချိန်တွင် သူတို့နှစ်ဦးကို ချီ​ဖွေ မြို့မရဲစခန်းတွင် ဖမ်းချုပ်ထား​ကြောင်းသူက ဆက်​ပြောသည်။
“သူ့ကို လာဖမ်းတာက ဘာသက်သေမှ အထောက်အထား မရှိဘူး” ဟု ၎င်းကဆိုသည်။
ရဲသတင်းပေးတစ်ဦး၏ တိုင်ကြားချက်​ကြောင့် ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်​ကြောင်း သူက ဆက်​ပြောသည်။

ချီဖွေစစ်ရှောင်စခန်း​နေ ပြည်သူများကို ယခုကဲ့သို့ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခြင်းသည် ပထဦးဆုံးအကြိမ်ဖြစ်ကြောင်း ​ဒေသခံများထံမှ သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ