ကယားပြည်နယ်တွင် ကုန်ဈေးနှုန်းနှင့် ဓါတ်ဆီဈေး မြှင့်တက်

ကယားပြည်နယ် ဖားဆောင်းမြို့နှင့် မော်ချီးမြို့တို့တွင် ဇွန်လ ၁ ရက်နေ့ မှစ၍ အခြေခံစားသောက်ကုန်ဈေးနှုန်းနှင့် ဓာတ်ဆီဈေးများ မြှင့်တက်သွားကြောင်း ဒေသခံများထံမှသိရသည်။

ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့ကြားရှိ ကဒါးလားကျေးရွာအနီးရှိ တံတားနှစ်စင်းကို မေလ ၃၁ရက်နေ့ကဖောက်ခွဲ ခဲ့ပြီးနောက် အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် ဓာတ်ဆီ ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း အမည်မဖော်လိုသူ မော်ချီးဒေသခံတစ်ဦးက The 74 Media ကို ယခုလိုပြောသည်။
“ဆန်ဈေးက အရင် ၂၅၀၀၀ ကနေ အခု ၁သိန်းထိ ပေးပြီး ဝယ်ရတယ်၊ ကြက်ဥ ၁ထောင်ဖိုးကို အရင်က ၇/၈လုံးကနေ ခုက ၃လုံးဘဲရတော့တယ် တချို့ဆိုင်တွေဆို တစ်လုံး၅၀၀တောင် ရောင်းနေတယ်” ဟုပြောသည်။
စစ်ကောင်စီက ဒေသခံ လမ်းသွားလမ်းလာများကို ပစ်သတ်မှုများ ရှိနေသောကြောင့် မည်သူမှ စွန့်စား၍ အသွားအလာ မပြုလုပ်တော့ကြောင်း ၎င်းက ဆက်ပြောသည်။
“ကုန်တွေဝယ်ချင်ရင်တောင် လမ်းသွားလမ်းလာတွေကို တွေ့ရင် စစ်ကောင်စီတွေက ပစ်သတ်လို့ ဘယ်သူကမှ စွန့်စားပြီး မသွားရဲကြတော့ဘူး”ဟု ဆိုသည်။
ထို့အပြင် ဓါတ်ဆီများမှာ ယခင်က တစ်လီတာလျှင် ၂၀၀၀ ကျပ်မှ ယခုအချိန်တွင် တစ်လီတာ ၄၅၀၀ ကျပ်အထိ မြှင့်တက်သွားကြောင်း နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။
“အရင်ကတော့ ဆီဈေးအတက်အကျ ပေါ်မူတည်ပြီး တစ်ပုလင်းကို ၁၅၀၀/၂၀၀၀ ပေးရတယ်။ အခုဆို
မော်ချီးမှာ ဝယ်လို့တောင် မရတော့ဘူး ဒီမနက်တုန်းကတော့ ဖာဆောင်းမှာ ဆီတစ်ပုလင်းကို ၃၀၀၀ကျပ်နဲ့ တန်းစီပြီး ဝယ်နေရတယ်” ဟုပြောသည်။
ဖောက်ခွဲဖျက်စီးခံလိုက်ရသော တံတားနှစ်စင်းသည် ကယားပြည်နယ်ရှိ ကုန်သွယ်ရေးတွင် အချက်အခြာကျသည့် လမ်းမပေါ်တွင် တည်ရှိပြီး ယနေ့အချိန်အထိ ပြုပြင်ခြင်းမရှိသေးကြောင်း ဒေသခံများကပြောသည်။

ကယားပြည်နယ်တွင် လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံ PDF တို့ကြားတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များအသုံးပြုကာ အပြင်းအထန် တိုက်ခိုက်နေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ