မိုးညှင်းမြို့မှ ဗလီကျောင်းတွင် စစ်ကောင်စီတပ်မှ ဝင်ရောက်ရှာဖွေပြီး‌ ပြည်သူတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

ကချင်ပြည်နယ် မိုးညှင်းမြို့ ဗလီကျောင်း နှစ်ခုတွင် ယနေ့ ဇွန် ၃ ရက်၊ မွန်းလွှဲ ၂ နာရီခန့်က စစ်ကောင်စီတပ်မှ ဝင်ရောက်ရှာဖွေခဲ့ပြီး ဗလီအနီးရှိ ဆေးပစ္စည်း အရောင်းဆိုင်မှ အမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

မိုးညှင်းမြို့ ရေလယ်ကျွန်းရပ်ကွက်နှင့် နန်းခါမြောက်ရပ်ကွက်တွင်ရှိသည့် ဗလီကျောင်း နှစ်ခုတွင် စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ပြီး နန်းခါးရပ်ကွက်ရှိ ဗဟို ဗလီအနီးမှ အသက် ၆၀ အရွယ် ဦးပုတုကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
“နန်ခါးရပ်ကွက်က ဗဟိုဗလီထဲကို ဝင်ရှာတယ် ဦးပုတုနဲ့တခြားသူတွေကိုလည်းစစ်တယ်။ ဒါပေမဲ့ သူကိုပဲ မေးမြန်းစရာရှိလို့ ခဏလိုက်ခဲ့ပါဆိုပြီး ခေါ်သွားတာ။ ” ဟု သူကပြောသည်။
ဦးပုတုအား မည်သည့်နေရာသို့ ခေါ်သွားသည်ကို မသိရှိရသေးကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးကပြောသည်။
ဦးပုတုသည် ယခင်က ဘာသာရေး အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သော်လည်း လက်ရှိအချိန်တွင် ကျန်းမာရေးကြောင့် အနားယူခဲ့သည်မှာ ငါးနှစ်ခန့်ရှိပြီ ဖြစ်ကြောင်းသိရသည်။

မိုးညှင်းမြို့နယ်တွင် ရှိသည့် ခရစ်ယာန်ဘုရားကျောင်းများနှင့် ဗလီကျောင်းတွေကို စစ်ကောင်စီတပ်က အချိန်မတော် ဝင်ရောက်ရှာဖွေမှုများ မကြာခဏပြုလုပ်လေ့ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ