သောက်ရေကြောင့် ဒီးမောဆိုစစ်ရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောဖြစ်နေ
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ လူဦးရေ နှစ်ထောင်ခန့်ရှိသော စစ်ရှောင်စခန်းတွင်
သောက်ရေသုံးရေကြောင့် စစ်ရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြောင်း သိရသည်။

 

ရေသန့်ရှင်းမှုမရှိသောကြောင့် ကလေးများနှင့်သက်ကြီးရွယ်အိုများ ဝမ်းပျက်ဝမ်းလျှောဖြစ်နေခြင်းဖြစ်သည်ဟု
စစ်ရှောင်စခန်းရှိ ပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ကျွဲတွေနွားတွေ ရေချိုးတဲ့ကန်မှာ ရေတောင်မကြည်ဘူး။
အဲ့ဒါတွေကို ကျိုချက်ပြီး သောက်ရေသုံးရေအဖြစ် အသုံးပြုနေရတာ။
ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး အဖျားတွေတက်နေကြပါတယ်။
အထူးသဖြင့် ကလေးနဲ့ သက်ကြီးပိုင်းတွေ ပိုဖြစ်များတယ်”ဟု ပြောသည်။
စစ်ရှောင်စခန်းရှိ ပြည်သူ ၃၀ဦးခန့် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေသော်လည်း
ကုသရန် လုံလောက်သော ဆေးဝါးများမရှိကြောင်း ဆေးဆရာမတစ်ဦးထံမှသိရသည်။
မသန့်ရှင်းသော ရေများသောက်သုံးနေရသည့်အတွက် ရေသန့်များပေးပို့ရန် စီစဉ်နေသော်လည်း
လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေးကြောင့် အခက်အခဲဖြစ်နေကြောင်း စစ်ရှောင်ပြည်သူတစ်ဦးကပြောသည်။
ကယားပြည်နယ်အတွင်းရှိ တိုက်ပွဲဖြစ်ပွားရာ နေရာအနှံ့အပြားတွင် စစ်ဘေးတိမ်းရှောင်နေသည့် စခန်းအချို့တွင်
ငှက်ဖျားပိုး တွေ့ရှိနေသူများရှိနေသည့်အပြင် ခြင်ထောင်နှင့်ငှက်ဖျားဆေးများ လိုအပ်နေကြောင်း ဒေသခံများထံမှသိရသည်။
ကယားပြည်နယ်တွင် မေလ ၂၁ ရက်နေ့မှစ၍ စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲပြင်းထန်နေမှုကြောင့်
ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
Photo : CJ
သင့်ထင်မြင်ချက်ရေးပေးပါ