လွိုင်ကော်

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် မေလ ၂၃ ရက်နေ့မှစ၍ ကားဂိတ်များပိတ်ကာ ကုန်ပစ္စည်းနှင့် ကားအဝင်အထွက်များ မရှိတော့သဖြင့် ကုန်ဈေးနှုန်းများ ယခင်ဈေးများထက် နှစ်ဆ တက်လာသည်ဟု သိရသည်။

ဆန်တစ်အိတ်လျင် ယခင်က ၃၅,၀၀၀ ခန့်မှ ယခု ၇၀,၀၀၀ ခန့်ပေးရပြီး ကုန်ဈေးနှုန်းများ တက်လာသောကြောင့် ဒေသခံပြည်သူများ စားဝတ်နေရေးတွင် အခက်ခဲများနှင့် ကြုံနေရကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ဖုန်းဘေတစ်ထောင်တန်ကိုတောင် ၁၃၀၀ ကျပ်နဲ့ ပေးဝယ်နေရတယ်။ ဆန်တစ်အိတ်ကို ခုနှစ်သောင်းရှိပြီး တချို့နေရာဆိုရင် တစ်သိန်းဝန်းကျင်အထိတောင်တက်သွားပြီ။ ဆီပုလင်းဆိုရင် နှစ်ဆတက်သွားပြီ။ ဒီအချိန်မှာ စီးပွားရေးလုပ်ရခက်လို့ ပိုက်ဆံရှိရင်တောင် ဘဏ်ကထုတ်လို့မရ ပိုက်ဆံမရှိတဲ့သူတွေဆို ပိုခက်ခဲနေကြတယ် တချို့ရွာတွေဆို ငတ်တော့မယ်” ဟုသူကပြောသည်။
ကားအဝင်အထွက်မရှိ၍ ကားဂိတ်များပိတ်ထား ရခြင်းမှာ ကယားပြည်နယ်သို့ ဝင်မည့်ကားများကို စစ်ကောင်စီတပ်မှ ဝင်ခွင့်မပြုပဲ ပိတ်ဆို့ထားြခင်းကြောင့် ဖြစ်သည်ဟု သူကပြောသည်။
ကယားပြည်နယ်အတွင်း‌ မေလ ၂၁ ရက်နေ့မှ စတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ပြည်သူအများအပြားစစ်ဘေးတိမ်းရှောင်နေကြရပြီး ပစ်ခတ်မှုများနေ့စဉ်ဖြစ်ပေါ်နေဆဲဖြစ်သည်။

ပစ္စည်းအဝင်အထွက်မရှိတော့သဖြင့် ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့နှင့် မော်ချီးတို့တွင် အစားအသောက် ပြတ်လပ်နေသည်အထိဖြစ်နေကာ ပြည်သူများအခက်အခဲနှင့် ကြုံတွေ့နေရကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ