နန်းမားတွင် တက္ကသိုလ်ကျောင်းသားတစ်ဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ နန်းမားမြို့ ကံကုန်းကြီးကျေးရွာတွင် မေလ ၂၅ ရက်နေ့ ည ၈နာရီခွဲခန့်က မိုးညှင်းတက္ကသိုလ်မှ ကျောင်းသားတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်းသိရသည်။

ဖမ်းဆီးခံခဲ့ရသူမှာ မိုးညှင်းတက္ကသိုလ်မှ ရုက္ခဗေဒတတိယနှစ် ကျောင်းသား ကိုထက်ကောင်းဖြစ်ပြီး မိုးညှင်းတက္ကသိုလ် ရုက္ခဗေဒ ပါမောက္ခ နှင့် တွေ့ဆုံခဲ့သည့်အချိန်တွင် ကျောင်းမတက်ဘဲ အဆုံးစွန်ထိ CDM ပြုလုပ်မည်ဟု ပြောဆိုခဲ့သောကြောင့်ဖမ်းခံရခြင်းဖြစ်နိုင်သည်ဟု သူနှင့်နီးစပ်သူ တစ်ဦးက The 74 Media ကို ပြောသည်။
“မဖမ်းခင် တစ်ရက်အလိုက မိုးညှင်းတက္ကသိုလ်က ရုက္ခဗေဒ ပါမောက္ခ ခေါ်လို့ သွားလိုက်တာ၊ သူကတော့ CDM မလုပ်တဲ့ ဆရာမပေါ့၊ ပါမောက္ခ ခေါ်တာကို သူက အဆုံးထိ CDM ပဲလို့ ပြောလိုက်တာ၊ ဖမ်းခံရတာက အဲ့ပါမောက္ခ နဲ့ ပရောဂလဲ မကင်းဘူးလို့ ထင်တာပေါ့” ဟု ပြောသည်။
စစ်ကောင်စီမှ ကိုထက်ကောင်းကို ဖမ်းနိုင်ရန်အတွက် သူ၏ မိခင်နှင့် ညီနှစ်ဦးကို ဓားစါခံလုပ်ခဲ့သောကြောင့် သွားရောက်ဖမ်းဆီးခံခဲ့ကြောင်း ဒေသခံများအကြား ပြောဆိုနေကြသည်။

လက်ရှိအချိန်တွင် ကိုထက်ကောင်းကို အမှုမဖွင့်သေးဘဲ မိုးညှင်းရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ