ဒီးမော့ဆိုမြို့နယ်တွင် Free Burma Ranger Karenni တပ်ဖွဲ့ဝင်တစ်ဦးကျဆုံး

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် မေလ ၂၇ ရက်နေ့ နံနက် ၈နာရီ အချိန်မှ စ၍ ကယားပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်ပွားရာ Free Burma Ranger Karenni တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး Free Burma Ranger Karenni အဖွဲ့ဝင်ဖြစ်သူ အောလ်စိန် အသက် ၂၄ နှစ် ကျဆုံးခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း ကယားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက The 74 Media ကိုပြောသည်။

ဒီးမော့ဆိုမြို့နယ်တွင် Free Burma Ranger Karenni တပ်ဖွဲ့ဝင်တစ်ဦးကျဆုံး

 

“အကြမ်းဖက်စစ်ကောင်စီက မြို့နယ်တိုင်းလိုလိုမှာ လာပစ်ပြီးတော့မှ အကြမ်းဖက်ဝင်စီးတယ် လူထုတွေ ဝင်လို့မရအောင် တင့်ကားတွေနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာရှိတယ် ဒီနေ့ကတော့ ပြည်သူ့တပ်ဖွဲ့ဝင် Free Burma Ranger Karenni အဖွဲ့ဝင် တစ်ဦးက ကျဆုံးသွားတယ် စစ်ကောင်စီဘက်ကတော့ အတိအကျ မဟုတ်ရင်တောင် သုံး လေးယောက်လောက်ကျသွားတယ် ထိခိုက်ဒဏ်ရာ ရသူတွေ အနည်းဆုံးကတော့ ခြောက်ယောက် ခုနှစ်ယောက်လောက် ရှိမှာပါ” ဟုသူကပြောသည်။
တိုက်ပွဲဖြစ်နေချိန်တွင် အောလ်စိန်သည် စစ်ကောင်စီတပ်၏ လက်နက်ပစ်ခတ်မှုနှင့် စနိုက်ပါသမားတို့ကြား ပိတ်မိကာ ကျဆုံးခဲ့ရကြောင်း သူကဆက်ပြောသည်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် မေလ ၂၁ ရက်နေ့မှစ၍ ပြည်သူ့ကာကွယ်ရေးတပ့်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ