မီးငြှိမ်းသတ်ရန်သွားသည့် မီးသတ်ကားတစ်စီး တိမ်းမှောက်သဖြင့် မီးသတ်တပ်သားနှစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ စက်တောကုန်းရွာတွင် ယနေ့နံနက်ပိုင်းက အလယ်တန်းကျောင်း မီးလောင်မှုဖြစ်ပွားနေသောကြောင့် မီးငြှိမ်းသတ်ရန်သွားသည့် မီးသတ်ကားတစ်စီး တိမ်းမှောက်သဖြင့် မီးသတ်တပ်သား နှစ်ဦးသေဆုံး၍ သုံးဦးဒဏ်ရာရကြောင်းသိရသည်။

မီးငြှိမ်းသတ်ရန်သွားသည့် မီးသတ်ကားတစ်စီး တိမ်းမှောက်သဖြင့် မီးသတ်တပ်သားနှစ်ဦး သေဆုံး

 

အဆိုပါ မီးသတ်ကားပေါ်တွင် မီးသတ်တပ်သားငါးဦးလိုက်ပါလာပြီး ကားဘရိတ်အုပ်လိုက်ရာ လမ်းချော်မှုကြောင့် ကားတိမ်းမှောက်သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးမှ The 74 Media ကိုပြောသည်။
“စာသင်ကျောင်း မီးလောင်လို့ အင်းတော်က မီးသတ်ကားကသွားတယ်။ အဲ့အချိန် မိုးတွေကလည်းရွာတော့ မီးသတ်ကားက လမ်းတွေချော်ပြီး မှောက်သွားတာဖြစ်မယ်”ဟု ပြောသည်။
မီးသတ်ကားပိမိသဖြင့် တစ်ဦးသေဆုံးပြီး နောက်တစ်ဦးမှာ ဆေးရုံသို့ ပို့ဆောင်နေစဉ် လမ်းခုလတ်၌ သေဆုံးသွားကြောင်းသိရသည်။
ကျန်သုံးဦးမှာ ထိခိုက်ဒဏ်ရာရရှိသောကြောင့် လက်ရှိအချိန်တွင် ကသာပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည်။
သေဆုံးသွားသော မီးသတ်တပ်သား နှစ်ဦးမှာ အသက် ၂၁နှစ်အရွယ် အာကာဖြိုးနှင့် အသက်၂၄နှစ်အရွယ် ဒုတပ်ကြပ် ဉာဏ်ထက်ဦးတို့ဖြစ်ကြောင်းသိရသည်။
ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် သေဆုံးသွားသော မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦးအား မေလ ၂၇ ရက်နေ့တွင် သဂြိုလ်သွားမည်ဟု သိရသည်။

photo : CJ

သင့်ထင်မြင်ချက်ရေးပေးပါ