လွိုင်ကော်စစ်ရှောင်များ ရိက္ခာပြတ်နေ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများသည် အကူအညီပေးသူမရှိသဖြင့် ၎င်းတို့ကိုယ်တိုင် တိုက်ပွဲများကြားတွင် စားနပ်ရိက္ခာများကို သွားရောက်သယ်ယူနေရသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ရှောင်များသည် စစ်ကောင်စီတပ်နှင့် PDF များအပြန်အလှန်ပစ်ခတ်နေသည့်ကြားတွင် ဆိုင်ကယ်ဖြင့် စားနပ်ရိက္ခာများ သွားရောက်ယူဆောင်နေရကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။

“ပြန်ရဲတဲ့သူတွေက ရွာကို ရိက္ခာတွေဘာတွေ သွားယူတာမျိုးတွေရှိတယ်ပေါ့၊ ဆိုင်ကယ်နဲ့သွားယူတာပေါ့၊ ၄၅ မိနစ်လောက်တော့စီးရတယ်၊ စစ်ကောင်စီနဲ့ PDF တွေကပစ်နေကြတယ်ဆိုတော့ အန္တရယ်တော့အရမ်းများတယ်ပေါ့၊ အန္တရယ်ကြားကနေ သွားယူနေကြတာ” ဟု ပြောသည်။
ကုန်းသာ ၊ မိုးဗြဲ၊ ကောခူနှင့် အခြားရွာများမှ စစ်ရှောင်လူဦးရေ တစ်ထောင်ခန့်သည် အကူအညီများ မရရှိသေးသည့်အပြင် ရွာသို့ပြန်၍ ယူဆောင်လာသော ရိက္ခာများလည်း ပြတ်နေပြီဖြစ်ကြောင်း သူက ပြောသည်။
စစ်ရှောင်နေသူများတွင် မွေးကင်းစကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများလည်း ပါဝင်ကြောင်း သူက ဆက်ပြောသည်။
ကျောက်ဆောင်များကြားနှင့် တောတောင်၊ တောင်ယာများတွင် ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် အချိန်ကြာလာလျှင် ဖျားနာပြီး သေဆုံးမှုများကြုံလာရမည်ကို အလွန်စိုးရိမ်နေကြကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံ PDF တပ်ဖွဲ့တို့သည် လွိုင်ကော်၊ ကုန်းသာ၊ ကောခူ နှင်မိုးဗြဲတို့တွင် နေရာကွက်ကြား နေ့စဉ် တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသခံများထံမှသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ