ကထိက ဦးစိုးမြတ်ထွေးကို စစ်ကောင်စီက ၅၀၅-ကဖြင့် အမှုဖွင့်

ကချင်ပြည်နယ်၊ မြစ်ကြီးနားနည်းပညာတက္ကသိုလ်၏ ကထိကတစ်ဦးဖြစ်သူ ဦးစိုးမြတ်ထွေး ကို CDM လှုပ်ရှားမှုတွင် ပါဝင်သောကြောင့် စစ်ကောင်စီက ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်း မေလ ၂၅ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်တွင် CDM လှုပ်ရှားမှုအပေါ်အားပေးထောက်ခံခြင်း၊ အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် CRPH နှင့် NUG တို့အား ထောက်ခံအားပေးခြင်းတို့ကို ဆောင်ရွက်နေခြင်းကြောင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီက ပညာရေးဝန်ထမ်း ၁၀ ဦးကို ၅၀၅-က ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပြီး ဦးစိုးမြတ်ထွေး အပြင် မကွေးတက္ကသိုလ်မှ ဒေါက်တာလှိုင်ထွန်းအောင်၊ ရတနာပုံတက္ကသိုလ်မှ ဒေါက်တာဇော်လတ်၊ ပခုက္ကူနည်းပညာတက္ကသိုလ်မှ ဦးသော်ဇင်ဦး၊ ရွှေဘိုတက္ကသိုလ်မှ ဦးအောင်မျိုးဝင်း၊ ကလေးတက္ကသိုလ်မှ ဦးလားရမ်းလော်မာ၊ လွိုင်ကော်နည်းပညာတက္ကသိုလ်မှ ဒေါ်နှင်းရည်လှိုင် ၊ လားရှိုးနည်းပညာတက္ကသိုလ်မှ ဦးတိုးဇော်သန့်၊ တောင်ငူနည်းပညာတက္ကသိုလ်မှ ဦးသန်းဇော်ဦးနှင့် ရေနံချောင်းအစိုးရစက်မှုလက်မှုသိပ္ပံကျောင်းမှ ဦးကျော်ကျော်အေး တို့ ပါဝင်သည်။

ပြီးခဲ့သည့် ဧပြီလနှင့် မေလ အတွင်းက ကချင်ပြည်နယ်တွင် စစ်ကောင်စီမှပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်တရားစွဲဆိုခံရသူ ကျန်းမာရေးဝန်ထမ်း ၁၈ ဦး နှင့် ပညာရေးဝန်ထမ်း ၉ ဦးရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ