KIA solider

ကချင်ပြည်နယ် မိုးမောက်မြို့နယ် တာဝါတိုင်ကုန်းတွင် ယမန်နေ့ မေလ ၂၄ ရက်နေ့က နံနက် ၇ နာရီမှ စတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ရခိုင့်တပ်မတော် (AA) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု သိရသည်။

တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားစဉ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုးမောက်မြို့နယ် မင်းကျမ်း ကျေးရွာဒေသခံတစ်ဦး၏ ကျွဲတစ်ကောင် လက်နက်ကြီးထိမှန်၍ သေဆုံးခဲ့သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
” မနေ့ နေ့လယ်လောက်က ရွာနောက်မှာ လယ်သမားတွေ ပဲနုတ်ပြီး ပူလို့ရေဆင်းကူးနေတာကို KIA ထင်လို့ ရွာနောက်ကို လှမ်းပစ်တာ တော်သေးလို့ လူတွေကို မထိပဲ ကျွဲကိုထိသွားတာ” ဟုသူပြောသည်။
ယမန်နေ့ မေလ ၂၄ ရက်နေ့က စစ်ကောင်စီတပ်များသည် ကချင်လွတ်မြောက်ရေးတပ် (KIA) ရှိရာသို့ လက်နက်ကြီးများပစ်ခတ်ရာ ခမရ ၄၃၇ မှပစ်ခတ်သော လက်နက်ကြီးကြောင့် အသက် ၁၃ နှစ် အရွယ်ကလေးငယ်တစ်ဦး ဦးခေါင်းထိမှန် သေဆုံးမှုရှိခဲ့သည်။
တာဝါတိုင်းကုန် (ခ) ဆလောင်းကုန်းအနီးတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည့်အပြင် ကေအိုင်အေ တပ်ရင်း ၂၅ နယ်မြေဖြစ်သည့် နိုင်ဦးကုန်းနှင့် စင်းယူးကုန်းတို့တွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု သိရသည်။

မိုးမောက်မြို့နယ် မြို့သစ်၊ စီဟတ်နှင့် ကုန်းလောကျေးရွာများတွင် ကေအိုင်အေနှင့် စစ်ကောင်စီတပ်များအကြား မတ်လ တတိယပတ်မှစတင်ကာ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *