ဝိုင်းမော်တွင် ကျောင်းအပ်နှံရန် အုပ်ချုပ်ရေးမှူးများ စည်းရုံးနေ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကျေးရွာအချို့တွင် မေလ ၂၃ ရက်နေ့က ကျောင်းအပ်နှံရေးအတွက် အစည်းအဝေးတက်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိဘများကို လိုက်လံပြောဆိုနေကြောင်းသိရသည်။

ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာ အုပ်ချုပ်ရေးမှုးရုံးတွင် ကျောင်းအပ်နှံရေး အစည်းအဝေးပြုလုပ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြောင်း အမည်မဖော်လိုသည့် ကျေးရွာဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“အစည်းဝေးမှာ ရဲတွေ စစ်သားတွေလည်းလာပြီး PSI စလောင်းမတပ်ရဘူး၊ လေသေနတ်မကိုင်ရဘူး လူတစ်ယောက်ရောက်ရင် ဧည့်စာရင်းတိုင်ရမယ် လို့ပြောတယ်တဲ့။ အစည်းဝေးမှာ ပညာရေးဌာနက လူတွေလည်းပါတယ်တဲ့ ကျောင်းအပ်ကြပါပေါ့ ဒီနေ့ ကျောင်းအပ်တာ လူဆယ်ယောက်မပြည့်ဘူးလို့ပြောတယ်” ဟုသူကပြောသည်။
မိုင်းနားကျေးရွာတွင်လည်း ကျောင်းလာရောက် အပ်နှံရာတွင် လုံခြုံရေးအတွက် အစည်းအဝေးပြုလုပ်ရာ ကျောင်းလာအပ်သော ကျောင်းသားမိဘများက မိမိသားသမီး၏ လုံခြုံရေးကို တာဝန်ယူရမည်ဟု ဆွေးနွေးခဲ့ကြောင်း မိုင်းနားကျေးရွာမှ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
” ကျောင်းအပ်ရင် ကျောင်းလုံခြုံရေးယူဖို့နဲ့ ပတ်သက်ပြီး အစည်းအဝေး လုပ်မယ်ဆိုပြီး လိုက်ဆော်ဩနေတာ။ ကျောင်းမအပ်မဲ့ မိဘတွေကတော့ ကိုယ့်ကလေးအပ်ရက် မိဘကိုယ်တိုင် လုံခြုံရေးစောင့်လို့ ပြောနေတာ တွေလည်း ရှိတယ်။” ဟုသူကပြောသည်။
ဝိုင်းမော်မြို့ ရပ်ကွက် (၁) မှ အုပ်ချုပ်ရေးမှူးကလည်း ကျောင်းအပ်နှံရာတွင် လုံခြုံရေးယူပေးရန် မလာရောက်ပါက ငွေဒဏ် ၅၀၀၀ ပေးဆောင်ရမည်ဟု လိုက်လံပြောကြားနေကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦးကပြောသည်။
“ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဒီမနက်စောစောကြီး လိုက်ပြောနေတာ တစ်အိမ်တစ်ယောက် မလာမနေရတဲ့ မလာရင် တစ်အိမ် ၅၀၀၀ ကောက်မယ်တဲ့” ဟုသူကပြောသည်။

ဝိုင်းမော်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် မေလ ၂၅ ရက်နေ့မှ စတင်ကာ ကျောင်းအပ် လက်ခံတော့မည်ဟု သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ