ဗလမင်းထင်တံတားထိပ်တွင် နန်ဆန်ယန်မှ လာသော ကားများကို စစ်ဆေး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဗလမင်းထင်မြစ်ကူးတံတား စစ်ဆေးရေးဂိတ်တွင် မေလ ၁၇ ရက်နေ့ နံနက် ၉နာရီ အချိန်ခန့်က နမ်ဆန်ယန်မှ ပြန်လာသော ကားများကို တားဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

မြစ်ကြီးနား- ဝိုင်းမော် စစ်ဆေးရေးဂိတ်တွင် ဝိုင်းမော်မှ လာသော ကားများအားလုံးအား ရပ်ခိုင်း၍ နမ်ဆန်ယန်မှ ပြန်လာသော ကားများကို အဓိက စစ်ဆေးနေကြောင်း စစ်ဆေးခံရသူတစ်ဦးက The 74 Media ကိုပြောသည်။
“ ဒီနေ့ ကားအရမ်းစစ်တယ် မနက် ၉နာရီလောက်မှာ ဝိုင်းမော်ကနေ ပြန်လာတဲ့ကားတွေပေါ့ အိမ်စီးကား နဲ့ ရဲတွေ အများကြီး အရပ်ဝတ်ပုံစံနဲ့ စစ်နေတာ ဝိုင်းမော်က ဝင်လာတဲ့ ကားအားလုံးကို ရပ်ခိုင်းထားတာ၊ ပြီးတော့ နမ်ဆန်ယန်က ပြန်လာတဲ့ ကားလားလို့ မေးတယ် နမ်ဆန်ယန်က မဟုတ်ရင် မစစ်တော့ဘူး” ဟု​ပြောသည်။
နန်ဆန်ယန်ကားများ စစ်ဆေးနေသည် ဆိုသောကြောင့် ပြန်လှည့်သွားသူများလည်းရှိသည်ဟု သူကဆက်ပြောသည်။
ထို့ပြင် နမ်ဆန်ယန်မှ ပြန်လာသော ကားများကို လိုင်ဇာသင်တန်းမှ ပြန်လာသော သူဟုတ်မဟုတ် စစ်ဆေးနေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“လိုင်ဇာ ဘာညာဆို စစ်လည်းအရမ်းစစ်တယ် ဖမ်းလည်းအရမ်းဖမ်းတယ်။ မနေ့တစ်နေ့ကလည်း လေးယောက်ဖမ်းသွားတာ။ အဲ့ရှေ့ကလည်း ရှစ်ယောက်ဖမ်းသွားတယ် အသွားအပြန်အရမ်းစစ်တယ်။ ဖမ်းသွားတဲ့သူတွေကို ပြည်နယ်ရုံးကိုခေါ်သွားတာကိုတောင် အရမ်းများပြီ။ ဆယ်ယောက်ကျော်လောက်ရှိပြီ” ဟုပြောသည်။

ဗလမင်းထင် မြစ်ကူးတံတားအနီးရှိ စစ်​ဆေး​ရေးဂိတ်တွင် ယာဉ်ထိန်းရဲ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်တပ်နှင့် လူဝင်မှုကြီးကြပ်ရေးတို့ စောင့်ကြည့်လျက်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ