အစိုးရဝန်ထမ်းအဖြစ် အလုပ်ရရန် လျှောက်ထားကြသူမျာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အစိုးရဌာနဆိုင်ရာရုံးများတွင် ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်ရန် လျှောက်ထားသူများတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးတို့၏ သားသမီးများပါဝင်သည်ဟု သိရသည်။

The 74 Media က ရရှိထားသည့် နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်လိုကြောင်း လျှောက်ထားသည့်စာရင်းတွင် အသက် ၂၂ နှစ်မှ ၂၈ နှစ်အကြား လူငယ် ၁၀ ဦးပါဝင်ပြီး အများစုမှာ ပလနရပ်ကွက်တွင် နေထိုင်သူများဖြစ်ကြသည်။
အဆိုပါ ၁၀ ဦးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူး၏ သားသမီးများ လေးဦးထက်မနည်းပါဝင်သည်ဟု ဖြစ်စဉ်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
“CDM တွေကိုမှ အားမနာဗျာ၊ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးသားသမီးတွေက အခွင့်ကောင်းယူကြတော့မယ်၊ ခက်ထိန်နန်လာစည်းရုံးသွားတာပေါ့ဗျာ” ဟုပြောသည်။
ကချင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးအသီးသီးတွင် CDM ပြုလုပ်နေသည့်ဝန်ထမ်းများကို တာဝန်မှယာယီရပ်ဆိုင်းခြင်းနှင့် ထုတ်ပယ်ခြင်းတို့ကြောင့် လစ်လပ်နေသည့်နေရာများတွင် အစားထိုးခန့်အပ်ရန် ပြင်ဆင်နေခြင်းဖြစ်နိုင်သည်ဟု CDM ပြုလုပ်နေသဖြင့် တာဝန်မှယာယီရပ်ဆိုင်းခံထားရသည့် ဝန်ထမ်းတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ရုံးမှာ ဝန်ထမ်းမကျန်တော့ဘူး၊ ဝန်ထမ်းအင်အားက ဖွဲ့စည်းပုံမပြည့်တော့ဘူး၊ ဒါကြောင့် ရုံးအခေါ်အရတော့ အနည်းဆုံးအင်အားပေါ့လေ၊ ဝန်ထမ်းအင်အားကို အနည်းဆုံးအင်အားပြည့်အောင်ခန့်ချင်လို့ လုပ်တာနဲ့ တူပါတယ်” ဟု ပြောသည်။

ကချင်ပြည်နယ်အတွင်း CDM တွင်ပါဝင်နေသည့် ဝန်ထမ်း ၅၀၀၀ ကျော်ရှိသည်ဟု Kachin Political Interim Coordination Committee က ထုတ်ပြန်ထားပြီး အများစုသည် ပညာရေးဝန်ထမ်းများဖြစ်ကြသည်။

သင့်ထင်မြင်ချက်ရေးပေးပါ