ဌာနဆိုင်ရာရုံး

ကချင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများတွင် အလုပ်လုပ်ကိုင်နိုင်ရန် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီထံ တင်ပြတောင်းခံသူများရှိနေသည်ဟု သိရသည်။

နိုင်ငံ့ဝန်ထမ်းအဖြစ်လုပ်ကိုင်လိုသည်ဟု တင်ပြသူများသည် မြစ်ကြီးနားမြို့မှလူငယ်များဖြစ်ကြပြီး အားလုံးစုစုပေါင်း ၁၀ ယောက်ဖြစ်သည်ဟု လျှောက်ထားရာတွင်ပါဝင်သူ၏ ဆွေမျိုးတစ်ဦးက The 74 Media ကိုပြောသည်။
“အစိုးရရုံးမှာ အလုပ်ရဖို့ လျှောက်တာ အားလုံး ၁၀ ယောက်ဟုတ်တယ်၊ လျှောက်တဲ့ထဲမှာ ဦးသောင်းဆာသမီး ဆာရာပါတယ်၊ ပလနက ငွားဇာနာနဲ့ ဝေဖြူနှင်းရယ်၊ ရွှေစက်က ဆာလီနာဆိုတဲ့ သူလည်းပါတယ်၊ ကျန်တာတော့ နာမည်မသိဘူး၊ သူတို့စာတင်လိုက်တာက ဧပြီလထဲမှာဟုတ်တယ်” ဟုပြောသည်။
အဆိုပါ ၁၀ ဦး၏လျှောက်ထားမှုကို ပြည်နယ်စီမံကောင်စီက ခွင့်ပြုဖွယ်ရှိနေပြီး အစိုးရရုံးများတွင် CDM ကြောင့် လစ်လပ်သည့်နေရာများတွင် ခန့်အပ်လာနိုင်ချေရှိသည်ဟု သူက ဆက်ပြောသည်။
“အစိုးရရုံးတွေမှာက CDM လုပ်လို့ ထုတ်ခံရတာတွေများတော့ ဝန်ထမ်းအင်အားနည်းနေတာလေ၊ အဲတာကြောင့် လွတ်နေတဲ့နေရာတွေမှာ ခန့်မယ်ထင်တယ်” ဟုပြောသည်။

ကချင်ပြည်နယ်ရှိ ဌာနဆိုင်ရာရုံးများတွင် CDM ပါဝင်သူများကို စစ်ကောင်စီက တာဝန်မှယာယီရပ်ဆိုင်းခြင်းနှင့် အပြီးတိုင်ထုတ်ပယ်ခြင်းများပြုလုပ်နေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ