အလှမယ် သူဇာဝင့်လွင်

အမေရိကန်ပြည်ထောင်စုတွင် ကျင်းပနေဆဲဖြစ်သည့် (Miss Universe) မယ်စကြဝဠာပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် သူဇာဝင့်လွင်က မြန်မာနိုင်ငံအတွက် ဆုတောင်းပေးကြရန် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့သည်။

အလှမယ် သူဇာဝင့်လွင်

 

မယ်စကြဝဠာပြိုင်ပွဲ၏ အစိတ်အပိုင်းတခုဖြစ်သည့် အမျိုးသားဝတ်စုံပြိုင်ပွဲကို ယမန်နေ့က ကျင်းပခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးက ဆန်းသစ်တီထွင်ထားသည့် ရိုးရာဝတ်စုံများနှင့် ပါဝင်ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲအစီအစဉ်ဖြစ်သည်။
အဆိုပါအစီအစဉ်တွင် ချင်းတိုင်းရင်းသားဝတ်စုံဖြင့် ဝင်ရောက်ယှဉ်ပြိုင်နေစဉ် မြန်မာကိုယ်စားပြုအလှမယ် သူဇာဝင့်လွင်က “ Pray For Myanmar” (မြန်မာပြည်အတွက် ဆုတောင်းပေးပါ) ဟုရေးထားသည့် စာရွက်ကို ကိုင်ဆောင်ပြီး တောင်းဆိုခဲ့သည်။
မယ်စကြဝဠာပြိုင်ပွဲ၏ အမျိုးသားဝတ်စုံပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုအလှမယ်ကဲ့သို့ စင်္ကာပူ အလှမယ်က “STOP ASIAN HATE” (အာရှတွေကို အမုန်းပွားတာရပ်) ဟူသည့် စာတန်းပါသည့် ဝတ်စုံဖြင့်လည်းကောင်း ဥရုဂွေးအလှမယ်က “NO MORE HATE VIOLENCE REJECTION DISCRIMINATION” (အမုန်းတရား၊ အကြမ်းဖက်မှု၊ ငြင်းပယ်မှု၊ ခွဲခြားဆက်ဆံမှုတွေ ဆက်မရှိစေဖို့) လိင်တူစုံမက်သူများအတွက် ရည်ရွယ်ပြီး ရေးသားထားသည့် အမျိုးသားဝတ်စုံများကို ဝတ်ဆင်ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အမျိုးသားဝတ်စုံပြိုင်ပွဲ၏ ရလာဒ်ကို အွန်လိုင်းမှတဆင့် မဲပေးသည့်စနစ်ဖြင့် ရွေးချယ်မည်ဖြစ်သည်။
မယ်စကြဝဠာပြိုင်ပွဲ၏ နောက်ဆုံးဖိုင်နယ်ပွဲစဉ်ကို မေလ ၁၆ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ဟောလီးဝုဒ်တွင် ကျင်းပသွားမည်ဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ