K I A ကေအိုင်အေ

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများပြင်းထန်နေသည့် ကချင်ပြည်နယ် မံစီမြို့နယ်မြို့နယ်တွင် ယနေ့ မွန်းလွှဲ ၁ နာရီခွဲ ဝန်းကျင်ခန့်က စစ်ကောင်စီတပ်များ လူအင်အားထပ်မံဖြည့်တင်းနေသည်ဟု ဒေသခံများထံမှ သိရသည်။

မံစီမြို့နယ်တွင် ယနေ့နံနက် ၇ နာရီဝန်းကျင်မှစတင်ပြီး တိုက်ပွဲများပြင်းထန်စွာ ဆက်လက်ဖြစ်ပွားရာ စစ်ကောင်စီတပ်များ လူအင်အား ၁၀၀ ကျော်ထပ်မံဖြည့်သွင်းနေသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
” မံစီဈေးရှေ့ကနေဖြတ်သွားပြီ လူအင်အား ၆၀လောက်ရှိမယ်။ စစ်လက်နက်ပစ္စည်းတွေရော အများကြီးသယ်သွားတာတွေ့လိုက်တယ်။ အကုန်လုံး လမ်းလျှောက်တတ်သွားကြတာ။ မံစီ ပြင်ဦးလွင်ရပ်ကွက်ဘက်ကနေလည်း တက်သွားကြတယ်” ဟုပြောသည်။
မံစီမြို့၌ရှိသည့် ခမရ ၆၀၁ နှင့် ခမရ ၃၁၉ မှလည်း ကချင်လွတ်လပ်ရေးတပ် (KIA) ရှိရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အပြင် ဂျက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ကေအိုင်အိုသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက The 74 Media ကိုပြောသည်။
“ဂျက်ဖိုက်တာ ၂ စင်းနဲ့ မနက်ကတစ်ခါ၊ နေ့လယ်မှာတစ်ခါ၊ နှစ်ခါလာပစ်တယ်ကြားတယ်၊ အင်အား ၅၀၀ လောက်တက်လာတယ်ပြောတယ် မြေပြင်တိုက်ပွဲလည်း တော်တော် ပြင်းထန်တယ်လို့ပြောရမယ်” ဟု ပြောသည်။
မံစီမြို့နယ်တွင် မေလ ၁၁ ရက်နေ့မှစတင်၍ ကချင်လွပ်လပ်ရေးတပ် KIA နှင့် စစ်ကောင်စီတပ်များကြားတိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် နေ့စဉ်တိုက်ခိုက်နေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ