ဝိုင်းမော်သပိတ် ဖြိုခွင်းပုံ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်တွင် ယနေ့မွန်းလွဲပိုင်းက ဖမ်းဆီးခံရသည့် မိန်းကလေးနှစ်ဦးမှာ လူမှားဖမ်းခံရခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးထံမှ သိရသည်။ (အဖမ်းခံရသည့် မိန်းကလေးနှစ်ဦး၏ ကနဦးသတင်းကို The 74 Media က ဖော်ပြထားပြီးဖြစ်သည်။)


ဆန္ဒပြသပိတ်တွင် ကိုင်ဆောင်သွားမည့် စာရွက်စာတမ်းများအား ညှပ်နေသူမိန်းကလေးနှစ်ဦးကို လာရောက်ဖမ်းဆီးသော်လည်း အဆိုပါမိန်းကလေးများ ထွက်ပြေးလွတ်မြောက်သွားပြီး အိမ်အနီးရှိဆိုင်ဖွင့်ရန်ပြင်ဆင်နေသည့် မိန်းကလေးနှစ်ဦးကို လူမှားပြီး ခြိမ်းခြောက်ခေါ်ဆိုသွားခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့နှစ်ယောက်က ဆန္ဒပြတဲ့နေရာမှာတော့မပါဘူး။ အိမ်ရှေ့မှာ မုန့်ဆိုင်လေး ရွှေရင်အေး မုန့်လက်ဆောင်းအဲ့ဒါလေးတွေရောင်းတာ။ အဲ့ဒါကို သူတို့ဖမ်းချင်တဲ့သူကတစ်ယောက် by name နဲ့ကိုလာခေါ်တာ။ သူတို့လာခေါ်တဲ့ကောင်မလေးတွေက ဖြစ်ချင်တော့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ စာရွက်လေးတွေညှပ်နေတော့ သူတို့က ထွက်ပြေးသွားတယ်။ တစ်ခါတည်းပြေးသွားတော့ ကျွန်မညီမနှစ်ယောက်က ဆိုင်ရောင်းဖို့အတွက် စားပွဲတွေဘာတွေလုပ်နေတာကို တစ်ဖက်အိမ်ကိုလာရင်းနဲ့ အဲ့စာရွက်တွေကို တွေ့ပြီးတော့ ဖမ်းသွားတာ”ဟု ပြောသည်။

မိမိတို့၏စာရွက်များမဟုတ်ကြောင်း မိသားစုဝင်များက ပြောပြကြသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်မောင်းတင်ပြီး ခြိမ်းခြောက်ကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။

ဖမ်းဆီးသွားသည့်အချိန်တွင် ရဲများ(၁၀)ဦးခန့်ပါဝင်ပြီး အိမ်စီးကားနှစ်စီးဖြင့်ရောက်ရှိလာကာ ရဲစခန်းသို့ စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ