ဝိုင်းမော်မြို့ မြို့နယ်ပညာရေးမှူ
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ CDM လှုပ်ရှားမှုတွင် ပါဝင်နေသော ပညာရေးဝန်ထမ်းများကို မြို့နယ် ပညာရေးမှူးဦးမွန်ကျော်မြင့်က ခြိမ်းခြောက်ဖိအားပေးမှုများရှိနေသည်ဟုသိရသည်။

ဝိုင်းမော်မြို့ မြို့နယ်ပညာရေးမှူ

 

CDM တွင်ပါဝင်နေသော ပညာရေးဝန်ထမ်းများကိုတာဝန်မှ ယာယီရပ်ဆိုင်းသွားမည့်အပြင် လစာလည်း ဖြတ်တောက်သွားမည်ဟုပြောဆိုကြောင်း အမည်မဖော်လိုသူ CDM ပညာရေးဝန်ထမ်းတစ်ဦးက The 74 Media ကိုပြောသည်။
“မြို့နယ်ပညာရေးမှူးက CDM ကို မကြိုက်ဘူး။ ပြီးတော့ CDM လုပ်တဲ့သူကို ဝန်ထမ်းအဖြစ်ကနေ ယာယီရပ်ဆိုင်းမယ်လို့ပြောတာ ကြားနေရတယ်။ နောက်ပြီး ဒီလ လစာမရဘူးလို့ ပြောတယ်။ မြို့နယ်ပညာရေးမှူးကလည်း လစာမပေးဘူးဆိုပြီး အကြပ်ကိုင်တာပေါ့။ တချို့ CDM လုပ်နေတဲ့ သူတောင်မှ ပြန်ပြီးမှ Non-CDM ဖြစ်သွားတာ”ဟု သူက ပြောသည်။
CDM ဆရာ၊ ဆရာမများအား သက်ဆိုင်ရာ ကျောင်းအုပ်များမှတစ်ဆင့် ကျောင်းသို့ ပြန်လာရန်၊ အလုပ်လွယ်လွယ်မရနိုင်ကြောင်းနှင့် မည်သည့်အစိုးရတက်တက် မိမိတို့မှာ ဝန်ထမ်းဖြစ်သောကြောင့် မိမိတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရန်သာလိုကြောင်းပြောသည်ဟု သူက ပြောသည်။
ထို့အပြင် CDMလုပ်ဆောင်သော ဆရာ၊ ဆရာမများအား ကိုယ်ရေးအကျဉ်းအချက်အလက်များကို ပေးပို့ရန် ကျောင်းအုပ်ဆရာမ မှတစ်ဆင့် ပေးပို့ခိုင်းမှုများရှိကြောင်း အမည်မဖော်လိုသူ နောက်ထပ် CDM ဆရာမတစ်ဦးက ပြောသည်။
“ကျောင်းအုပ်က ဖုန်းဆက်ခဲ့တယ်။ ဒီနေ့ ကိုယ်ရေးအကျဉ်းဖြည့်ရမယ်တဲ့။ မဖြည့်ချင်ရင်လည်း သူတို့ဖြည့်ပေးမယ်တဲ့။ Messenger ကနေ လိုင်စင်ပုံပို့ခဲ့ပေးပါလို့ပြောတယ်။ သူတို့ ပြန် print ထုတ်လိုက်မယ်တဲ့” ဟုသူကပြောသည်။
ဝိုင်းမော်မြို့နယ်မှ CDM လှုပ်ရှားမှုတွင် ပါဝင်သော ပညာရေးဝန်ထမ်း စုစုပေါင်း ၄၇၄ ဦးရှိကြောင်း သိရသည်။
စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြရာတွင်လည်း ဝိုင်းမော်မြို့နယ်မှ မူလတန်းကျောင်းအုပ်ဆရာမတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ၂၇ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ