နမ္မတီးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ရှိ ချယ်ရီခေါက်ဆွဲဆိုင်ရှေ့တွင် ယမန်နေ့ည (၉)နာရီခွဲဝန်းကျင်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြောင်းမဲ့ပတ်ခတ်မှုကြောင့် တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နမ္မတီးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

သေဆုံးသွားသူသည် မြစ်ကြီးနားမြို့၊ ကြာရာပါတီးရပ်ကွက်မှ လဂျူဂျာဂွန်းဖြစ်ပြီး ဆိုင်ကယ်မောင်းနှင်လာစဉ် ပစ်ခတ်မှုကြောင့် သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“ဆိုင်ကယ်နဲ့ဖြတ်လာတဲ့အချိန် ပစ်ခံရတာ။ အပစ်ခံရကတည်းက အလောင်းကိုအကောက်မခံတာပါ။ လက်ရှိ နမ္မတီးရင်ခွဲရုံထဲ စစ်သားတွေစောင့်နေကြတယ်။ လက်မောင်းမှာကျည်ထိတဲ့တစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်လို့ မြစ်ကြီးနားမြို့ စစ်ဆေးရုံကို အခုပို့ဖို့လုပ်နေတယ်” ဟု ပြောသည်။
သေဆုံးသူသည် မြစ်ကြီးနားမှဖြစ်ပြီး ရုပ်အလောင်းကို လာရောက်ထုတ်ယူရန် ကျန်ရစ်သူမိသားစုများအား အကြောင်းကြားထားကြောင်း သိရသည်။
ကျန်ဒဏ်ရာရသူနှစ်ဦးမှာ လတ်တလောတွင် တိမ်းရှောင်နေပြီး ၎င်းတို့၏ ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ The 74 Media မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
လွန်ခဲ့သည့် (၉)ရက်နေ့ညတွင်လည်း မိုးကောင်းတွင် ဆိုင်ကယ်မောင်းနှင်လာသည့်ပြည်သူများအား သေနတ်နှင့် ပစ်ခတ်ခြင်း၊ စစ်ဆေးမေးမြန်း၍ ရိုက်နှက်ခြင်းများလည်း ရှိခဲ့သည့်အပြင် ဟိုပင်မြို့တွင်လည်း ဆရာဝန်တစ်ဦးအား ညှဉ်းပန်းနှိပ်စက်၍ သေနတ်ဖြင့်ပစ်သတ်မှုများလည်း ရှိခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ