မြို့နယ်အုပ်ချုပ်ရေးမှူးအချို့က ဆိုင်ကယ်အရောင်းဆိုင်များထံမှ တရားမဝင်ငွေကြေးတောင်းခံနေ
မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်းနှင့် ဗန်းမော်မြို့များရှိ ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင်များကိုမြို့နယ်အုပ်ချုပ်ရေးမှူးများက ခေါ်ယူတွေ့ဆုံပြီး လိုင်စင်မရှိသည့်ဆိုင်ကယ်များအတွက် ငွေကြေးတောင်းခံမှုများရှိနေသည်ဟု သိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးအချို့က ဆိုင်ကယ်အရောင်းဆိုင်များထံမှ တရားမဝင်ငွေကြေးတောင်းခံနေ

မြို့နယ်အချို့တွင် ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင်များအား ယမန်နေ့ည ၁၀ နာရီဝန်းကျင်တွင် ခေါ်ယူတွေ့ဆုံကာ လိုင်စင်မရှိသည့်ဆိုင်ကယ်များအတွက် ငွေကြေးတောင်းခံခဲ့သည်ဟု ဖြစ်စဉ်နှင့်နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“အခု ရောက်လာတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက လိုင်စင်မရှိတဲ့ဆိုင်ကယ်တွေကို ပိုက်ဆံပေးဖို့တောင်းတယ်။ ဆိုင်ကယ်ရောင်းတဲ့သူတွေကို ညတွင်းချင်းရုံးကိုခေါ်တယ်ပေါ့လေ။ အခွန်ဆောင်ခိုင်းတဲ့ပုံစံ ငွေညစ်တဲ့ပုံစံမျိုးပေါ့လေ” ဟုပြောသည်။
ကချင်ပြည်နယ်ရှိမြို့နယ်အချို့ရှိ ဆိုင်ကယ်အရောင်းဆိုင်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ကြပြီး တနိုင်းမြို့ရှိ ဆိုင်ကယ်အရောင်းဆိုင်နှစ်ဆိုင်မှ ဆိုင်ကယ် ၃၁ စီးနှင့် မိုးညှင်းမြို့နယ်ရှိ ဆိုင်ကယ်အရောင်းဆိုင်နှစ်ဆိုင်မှ ဆိုင်ကယ်အစီး ၂၀ ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယူဆောင်သွားသည်။
အလားတူဖြစ်စဉ်များ မြစ်ကြီးနားခရိုင်၊ ဗန်းမော်ခရိုင် နှင့် မိုးညှင်းခရိုင်များတွင် ယမန်နေ့ညနေပိုင်းက ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။
ဆိုင်ကယ်လိုင်စင်များကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ၂၀၁၉ ခုနှစ်တွင် ပြုလုပ်ပေးခဲ့သော်လည်း ဆိုင်ကယ်အမျိုးအစားပေါ်မူတည်ကာ ပေးဆောင်ရသည့် အခွန်ငွေမြှင့်မားသဖြင့် ပြည်သူအများစုက လိုင်စင်မရှိသည့် ဆိုင်ကယ်များကိုသာ စီးနင်းကြသည်။
သင့်ထင်မြင်ချက်ရေးပေးပါ