ပြည်သူ့စစ်အဖွဲ့တွင် စစ်သင်တန်းတက်ရောက်ရန် ရဝမ်ရိုးရာယဉ်ကျေးမှုဥက္ကဋ္ဌ လိုက်လံစည်းရုံးနေ
ကချင်ပြည်နယ်၊ နောင်မွန်မြို့တွင် ရဝမ်ရိုးရာယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌက ဒေသခံများအား ပြည်သူ့စစ်ထံ စစ်သင်တန်းတက်ရောက်ရန် လိုက်လံစည်းရုံးနေကြောင်း ဒေသခံများထံမှ သိရသည်။

ပြည်သူ့စစ်အဖွဲ့တွင် စစ်သင်တန်းတက်ရောက်ရန် ရဝမ်ရိုးရာယဉ်ကျေးမှုဥက္ကဋ္ဌ လိုက်လံစည်းရုံးနေ

 

နောင်မွန်မြို့ရှိ ကျေးရွာတိုင်းတွင် KIA အားတိုက်ထုတ်နိုင်ရန်အတွက် ခေါင်လန်ဖူးအခြေစိုက်ဌာနေ ပြည်သူ့စစ်များထံ စစ်သင်တန်းတက်‌ရောက် သင်ယူရန် မေလ ၂ ရက်နေ့က လိုက်လံစည်းရုံးနေကြောင်း ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“ရိုးရာအဖွဲ့ဥက္ကဋ္ဌနဲ့ ပြည်သူ့စစ်ခေါင်းဆောင်တွေက KIA ကို တိုက်ဖို့ဆိုပြီးတော့မှ သင်တန်းတက်ဖို့ စည်းရုံးတဲ့သဘောပေါ့၊ သူတို့က တခြားကျေးရွာတွေလည်း တစ်ရွာဝင်တစ်ရွာထွက် လိုက်စည်းရုံးနေကြတယ်” ဟု ပြောသည်။
စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ကြသည့် နွေဦးတော်လှန်ရေးတွင် ရဝမ်လူမျိုးတစ်ဦးသာ ကျဆုံးခဲ့ပြီး ယခင်က KIA အနေဖြင့် မိမိတို့ရဝမ်လူမျိုးများအား မြောက်များစွာ သတ်ဖြတ်ခဲ့သည်ဟု ရိုးရာဥက္ကဋ္ဌက စည်းရုံးရေးခရီးစဉ်တွင် ပြောခဲ့သည်ဟု သူက ဆက်ပြောသည်။
ပြည်သူ့စစ် တပ်စခန်း၌ စစ်သင်တန်းသွား‌ရောက်သင်ယူသူတွင် သက်လတ်ပိုင်း အများစုပါဝင်သည်ဟု သိရသည်။
စစ်ကောင်စီလက်အောက်ခံခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့သည် ၂၀၀၅ ခုနှစ်တွင် ရှိန်းခေါင်အခြေစိုက် သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ဌာနေပြည်သူ့စစ်အဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး တပ်ဖွဲ့ဝင်အများစုမှာ ရဝမ်လူမျိုးစုများ ဖြစ်ကြသည်။
သင့်ထင်မြင်ချက်ရေးပေးပါ