ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာတွင် စစ်ကောင်စီထောင်ထားသည့်မိုင်းကြောင့် ကျွဲနွားများ သေဆုံးနေ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာ နမ့်ဇော်ကွင်းအနီး ဧပြီလအတွင်းရွာသူရွာသားများ၏ ကျွဲများ စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိသောကြောင့် သေဆုံးမှုများရှိနေသည်ဟု သိရသည်။

 

 

ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာတွင် စစ်ကောင်စီထောင်ထားသည့်မိုင်းကြောင့် ကျွဲနွားများ သေဆုံးနေ
ရွာသူရွာသားများ ကျွဲကျောင်းသည့်နေရာအနီးတွင် စစ်ကောင်စီ၏ တပ်စိတ်တစ်စိတ် တပ်ဆွဲထားပြီး ရွာသူရွာသားများ ကျွဲလွတ်ရာနေရာတွင် မိုင်းထောင်ထားသောကြောင့် ကျွဲများထိခိုက်ဆုံးရှုံးနေရသည်ဟု ကျွဲပိုင်ရှင်တစ်ဦးက The 74 Media ကို ပြောသည်။

“မိုင်းထိလို့သေတာလည်းဟုတ်တယ် သူတို့ ပစ်စားတယ်လို့လည်း ပြောတယ်၊ စခန်းကုန်း ကာထားတဲ့ ခြံစည်းရိုးအပြင်ဘက်မှာ တောင်သူတွေ သွားလာတဲ့လယ်တောနားမှာတွေ၊ လယ်ကွက်နားမှာတွေ တောင်ယာနားမှာတွေ၊ မိုင်းတွေထောင်ထားတယ်လို့ ပြောနေတာ၊ သူတို့လည်း အဲ့လိုပြောတော့ ကျွန်တော်တို့လည်း သွားလည်းမသွားရဲ တက်လည်းမတက်ရဲဖြစ်နေတာ အခက်အခဲဖြစ်နေတာ” လို့ယင်းကပြောသည်။

ရွာသူရွာသားများ ကျွဲလွှတ်သည့်နေရာတွင် စစ်ကောင်စီတပ်များ မိုင်းထောင်ထားသောကြောင့် ကျွဲနွားဆုံးရှုံးသူ အလွန်များကြောင်း သူကဆက်ပြောသည်။

“ကျွဲပိုင်ရှင်လူဦးရေတွေတော့ များမယ်ထင်တယ်၊ အခုတောင် ကျွဲဆုံးရှုံးတဲ့ ပိုင်ရှင် သုံး၊ လေးယောက်တော့ ရှိတယ် ဦးလေးရဲ့ကျွဲရယ် အခြားဦးလေးနှစ်ယောက်ရဲ့ကျွဲရယ်ဆို စုစုပေါင်းသေတာ ၅ ကောင်ရှိတယ် အခုသိရသလောက်ပေါ့ အခြားကျွဲပိုင်ရှင်တွေလည်းရှိတယ် အကောင် ၁၀၀ လောက် လာလွတ်ထားကြတာ” ဟု ဆိုသည်။

ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာတွင် လော်ဝေါ် လူမျိုးအများဆုံးနေထိုင်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ကြသည်။

Photo : ပုံဟောင်းပြန်လည်အသုံးပြုထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ