ကချင်ပြည်နယ် မိုးမောက်မြို့နယ် အလော့ဘွမ်တပ်စခန်းအနီးရှိ မြို့သစ်ကျေးရွာ၊ ကုန်းလောကျေးရွာနှင့် တောင်းကုန်းတွင် ၇ ရက်မြောက် တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။

စစ်ကောင်စီတပ်များက ဂျက်လေယာဉ်များဖြင့် အကြိမ်ကြိမ်လာရောက်ပစ်ခတ်သည့်အပြင် လက်နက်ကြီးများဖြင့်လည်း မနက် ၆ ခွဲလောက်မှ စတင်ပစ်ခတ်နေသည်ဟု ကေအိုင်အို၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“တိုက်ပွဲက အလော့ဘွမ်တောင်ခြေ မြို့သစ် ကုန်းလော ဆလောင်းကုန်းမှာ တိုက်ပွဲဖြစ်တယ်။ လက်နက်ကြီးနဲ့ပစ်တယ် လေကြောင်းနဲ့လာပစ်တာရှိတယ်၊ မနက်ကတော့ ၆ ခွဲ လောက်နေစတယ်။ မွန်းလွဲပိုင်းအထိပစ်တယ် လက်နက်ကြီးပစ်တာတော့အမြဲတမ်းရှိတယ်၊ ဒီနေ့လက်နက်ကြီးကို နေရာ တော်တော်များများကနေဝိုင်းပစ်တာရှိတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်များက အပြင်းအထန်ထိုးစစ်ဆင်နေပြီး လက်ရှိအချိန်အထိ နှစ်ဖက်အကျအဆုံးမည်မျှရှိသည်ကို မသိရသေးကြောင်း သူက ဆက်ပြောသည်။
စစ်ကောင်စီတပ်များက အလော့ဘွမ်တောင်အနီးရှိစခန်းများကို လက်နက်အင်အား၊ လူအင်အားအလုံးအရင်းဖြင့် ၇ ရက်မြောက် ထိုးစစ်ဆင်နေသော်လည်း လက်ရှိအချိန်အထိ ကေအိုင်အေက ဆက်လက်ခုခံနေဆဲဖြစ်သည်။

အလော့ဘွမ်တပ်စခန်းကို စစ်ကောင်စီတပ်များက ၁၉၈၇ ခုနှစ်တွင် သိမ်းပိုက်ခဲ့ပြီး ကေအိုင်အေက ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ