သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတွင် CDM ပြုလုပ်သော ဝန်ထမ်း ၆ထောင်ကျော်ရှိပြီး ၎င်းတို့၏စားဝတ်နေရေးပံ့ပိုးပေးနိုင်ရန် ပြင်ဆင်နေကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ကပြောသည်။
ဘဝတစ်လျှောက်လုံးတည်ဆောက်လာခဲ့သော ရာထူးများကို စွန့်လွတ်စွန့်စားပြီး CDM တွင်ပါဝင်လာသော ဝန်ထမ်းများအားလုံး၏ ရပ်တည်ချက်ကို လေးစားပြီး CDM ဝန်ထမ်း ၆ထောင်ကျော်၏ လုံခြုံရေးနှင့် စားဝတ်နေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUGမှ ကူညီထောက်ပံ့ပေးရန် စီစဉ်နေကြောင်း သူကပြောသည်။
“CDM ဝန်ထမ်းတွေရဲ့ ..လုံခြုံရေးနဲ့စားဝတ်နေရေးကို လုပ်ပေးဖို့ကျွန်တော်တို့ရေးဆွဲနေပါတယ်။ ရေးဆွဲတယ်ဆိုတာကလည်း ကျွန်တော်တို့ NUG က ဖွဲ့စည်းတာ တစ်ပတ်ပဲကျော်သေးတယ်ဆိုတော့ ရုံးပိုင်းကိစ္စတွေလည်ပတ်လာအောင် စလုပ်နေတဲ့အချိန်ဆိုတော့ နည်းနည်း တော့အခက်အခဲရှိတာပေါ့နော်” ဟုဆိုသည်။
CDM ဝန်ထမ်း ၆ထောင်ကျော်ထဲမှ ပိုမိုခက်ခဲသောဝန်ထမ်းများကို ဦးစားပေးအနေနဲ့ ရှိရင်းစွဲ လစာအတိုင်းပေးနိုင်ရန်စီစဉ်နေကြောင်းသူက ဆက်ပြောသည်။
“CDM ဝန်ထမ်းတွေကို ရှိရင်းစွဲလစာပေးနိုင်ဖို့အတွက် လုပ်နေပါတယ်။ ရအောင်လည်းလုပ်ပေးဖို့ကြိုးစားနေတယ်။ ရှိရင်းစွဲလစာအတိုင်း သူတို့ကိုချီးမြှင့်နိုင်ဖို့ပေါ့။ ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် အလုပ်လုပ်ပေးမှ မဟုတ်ဘူး။ CDM လုပ်တာသေချာလို့ချင်ရင်ကျွန်တော်တို့က ဌာနဆိုင်ရာအလိုက် သူ့လူ ကိုယ့်လူ စုဖွဲ့ပြီးမှ သွားမယ်။ သူတို့ရနေတဲ့လစာအတိုင်းသူတို့ကိုပြန်ပေးမယ်။ နည်းနည်းတော့စောင့်ပေးရမှာပေါ့၊ ကျွန်တော်တို့လည်း အားလုံး ဘတ်ဂျတ်တွေဆွဲနေတယ်”ဟုဆိုသည်။
စစ်အာဏာစနစ်အောက်တွင် အမှုမထမ်းလိုသောအဆိုပါ ဝန်ကြီးဌာန၏ CDM ဝန်ထမ်း ၆ထောင်ကျော်တွင် ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများအပြင် နိုင်ငံတကာတွင် PHD ဘွဲ့ဖြင့် ကျောင်းပြီးထားသူများလည်းပါဝင်ကြောင်းသူကပြောသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် စစ်ကောင်စီ၏ ဝင်ငွေရှာပေးနိုင်သည့် ဝန်ကြီးဌာနတစ်ခုဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သူများကို အရေးယူသွားမည်ဟု သူက ဆက်ပြောသည်။
“အကြမ်းဖက်စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံပြီး စီးပွားရေးအရ လုပ်ကိုင်တဲ့ ပူးပေါင်းဆောင်ရွက်တဲ့ လူပုဂ္ဂိုလ်တေ့၊ အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို သတိပေးခြင်းဖြစ်တယ်။ စစ်ကောင်စီနဲ့ပေါင်းပြီး မသမာတဲ့နည်းနဲ့ ကိုယ်ကျိုးမရှာဖို့သတိပေးတာဖြစ်တယ်။ ဘယ်လိုအရေးယူဆောင်ရွက်မယ်ဆိုတာကတော့ အသေးစိတ်မပြောတော့ဘူး”ဟုဆိုသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီမှ CDM ဝန်ထမ်းများကို အလုပ်ထုတ်ခြင်း၊ တရားစွဲခြင်း၊ ဝရမ်းထုတ်ခြင်း၊ ဖမ်းဆီးထောင်ချခြင်း၊ ဝန်ထမ်းအိမ်ယာမှ နှင်ထုတ်ခြင်းများပြုလုပ်နေသည်။
သင့်ထင်မြင်ချက်ရေးပေးပါ