ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာတွင် ကေအိုင်အေတပ်မတော်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေသည်မှာ ၄ ရက်ဆက်တိုက်ရှိပြီဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့များမှ တိုက်လေယာဥ်နှင့် ရဟတ်ယာဥ်များပါ အသုံးပြုကာ နေ့စဥ် တိုက်ခိုက်နေကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
” ပစ်နေကြပြီ ခုလည်း။ တိုက်လေယာဥ် တစ်စီးရောက်တယ်။ လက်နက်ကြီးငယ်နဲ့တော့ တနေကုန်ပစ်နေတာပဲ ရပ်လိုက် ပစ်လိုက်၊ ဟိုနားတစ်ဖွဲ့ …ဒီနားတစ်ဖွဲ့ ..ဟိုနားမပစ်ရင်…ဒီနားပစ်နေတာ ရပ်ကိုမရပ်ဘူး။လက်နက်ကြီးတွေတောင် ရွာထဲထိဝင်လာပြီ ” ဟုပြောသည်။
မိုးမောက်မြို့နယ်တွင် တိုက်ပွဲကြောင့် ကျေးရွာ ၁၀ရွာထက်မနည်း၊ ထောင်ချီသည့် ဒေသခံပြည်သူများသည်ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းများတွင် ပုန်းခိုနေကြပြီး လက်ရှိအချိန်တွင် စားဝတ်နေရေးခက်ခဲနေကြောင်း ယာယီစစ်ရှောင်စခန်း တာဝန်ရှိသူ တစ်ဦးထံမှသိရသည်။
တိုက်ပွဲကြောင့် ဒေသခံပြည်သူများထိခိုက်မှုရှိ၊ မရှိကိုမူ The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာနှင့်စီဟတ်ကျေးရွာသည် ကေအိုင်အေက သိမ်းပိုက်ထားသည့် အလောဘွမ်နှင့်နီးစပ်သည့် ကျေးရွာများဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေသည်မှာ ၁ လနီးပါးခန့်ရှိပြီဖြစ်သည်။
မိုးမောက်မြို့နယ်အတွင်းရှိ ဘာသာရေးအဖွဲ့အစည်းများ ၏ အဆောက်အအုံများအတွင်း တပ်စခန်းချခြင်း၊ ခေတ္တနားခိုခြင်းများမပြုလုပ်ရန်၊ မော်တော်ယာဥ်များနှင့်ဆိုင်ကယ်များ မိုးကာအုပ်၍ သွားလာခြင်းမပြုရန်၊ စစ်ရေးအရ ကန့်သတ်ထားသော နယ်မြေများအတွင်း ဖြတ်သန်းသွားလာခြင်းမပြုရန် ကေအိုင်အေတပ်မတော် တပ်ရင်း ၁၅ မှ သတိပေးစာထုတ်ပြန်ထားသည်။
ပုံ/ ၂၀၁၉ခုနစ်က မိုးကောင်းမြို့နယ်အတွင်း ရိုက်ကူးထားသော ဓါတ်ပုံဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ