မိုးမောက်မြို့နယ် စီဟတ်ကျေးရွာ

ကချင်ပြည်နယ် မိုးမောက်မြို့နယ် စီဟတ်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့များက လွန်ခဲ့သည့် ၁၉ ရက်နေ့မှစတင်ကာ ရွာအတွင်း ရှိ အများပြည်သူ၏ နေအိမ်များတွင် ဝင်ရောက် တပ်စွဲထားသည်ဟု သိရသည်။

စီဟတ်ကျေးရွာရှိပြည်သူအများစုသည် တိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်နေကြရပြီး အိမ်စောင့်မရှိသည့် နေအိမ်များတွင် စစ်ကောငိစီတပ်သားများနေရာယူထားသည်ဟု ရွာသားတစ်ဦးက The 74 Media ကို ပြောသည်။
“၁၉ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က စစ်ကောင်စီတပ်သားတွေရောက်လာပြီး ကျွန်တော်တို့ကို မင်းတို့မပုန်းနဲ့ ထွက်ခဲ့၊ မထွက်ရင်အကုန်ပစ်မယ်ဆိုပြီး အော်ဟစ်ဆဲဆိုခဲ့တာ၊ အခုထိ အိမ်စောင့်မရှိတဲ့ အိမ်တွေမှာ သူတို့တပ်စွဲထားတုန်းပဲ”ဟု ပြောသည်။
အိမ်စောင့်အဖြစ်ကျန်ရစ်သူများမှာ ဗုံးခိုကျင်းများတွင် ပုန်းအောင်းနေပြီး စစ်ကောင်စီတပ်ဖွဲ့များက ရွာအတွင်းနေအိမ်များကို လိုက်လံပစ်ခတ်ခဲ့ကာ နေအိမ်တွင်ချည်ထားသည့် ကျွဲနွားတိရစ္ဆာန်များကိုလည်း အကြောင်းမဲ့ ပစ်သတ်ခဲ့သည်ဟု သူက ဆက်ပြောသည်။

စီဟတ်ကျေးရွာသည် ဗန်းမော်-မြစ်ကြီးနား ကားလမ်းပေါ်ရှိရွာတစ်ရွာဖြစ်ပြီး ရှမ်းလူမျိုး အများစုနေထိုင်ကာ အိမ်ခြေ ၄၀၀ ကျော်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ