တိုက်ပွဲ​ကြောင့် မိုး​မောက်မြို့နယ်တွင် ​ကျေးရွာ ၁၀ရွာထက်မနည်း ရွာလုံးကျွတ်ထွက်​ပြေး တိမ်း​ရှောင်​နေရ

ကချင်ပြည်နယ်၊ မိုးမောက်မြို့ နယ် စစ်​ကောင်စီတပ်ရှိရာ စီဟတ်ကျေးရွာဝန်းကျင်တစ်ဝိုက်တွင် တိုက်ပွဲများပြင်းထန်​နေ​သော​ကြောင့် စီဟတ်​ကျေးရွာ အနီးအနားရှိ ကျေးရွာများမှပြည်သူများ ထွက်ပြေးတိမ်းရှောင်နေ​ကြောင်းသိရသည်။

တိုက်ပွဲ​ကြောင့် မိုး​မောက်မြို့နယ်တွင် ​ကျေးရွာ ၁၀ရွာထက်မနည်း ရွာလုံးကျွတ်ထွက်​ပြေး တိမ်း​ရှောင်​နေရ

တိုက်ပွဲ​ကြောင့် လက်ရှိအချိန်တွင် မိုးမောက် KBC ဘုရား​ကျောင်းတွင် စစ်ရှောင်၅၀၀​ကျော်၊ ဗန်းမော် တံခွန်တိုင် ဘုန်းကြီးကျောင်းတွင် ၄၀၀ကျော်၊ နန့်လိုင်ရွာ ကတ်သလစ်ဘုရား​ကျောင်းတွင် ၃၀၀ကျော်၊ ဗန်းမော် မင်းကျောင်းကုန်းရပ်ကွက် ပရဟိတကျောင်းတိုက်တွင် အိမ်ထောင်စုအနည်းငယ်နှင့် သိမ်တော်ကြီးကျောင်းတွင် စစ်​ရှောင် ၂၀၀ခန့်​ရောက်ရှိ​နေ​ကြောင်း မိုး​မောက်​ဒေသခံတစ်ဦးက​ The 74 Media ကို ပြောသည်။
“အခြေခံစားသောက်ကုန်၊ ရေနဲ့ အိုးခွက်ပန်းကန်၊အခင်းတွေ လိုအပ်နေပါတယ်”ဟု ပြောသည်။
စီဟတ်ကျေးရွာသည် စစ်​ကောင်စီ၏ ခမရ ၃၄၇နှင့် ခမရ ၃၂၀တပ်ကြားတွင်ရှိပြီး အိမ်ခြေ ၅၀၀ကျော်ရှိသည်ဟုသိရသည်။
တိုက်ပွဲ​ကြောင့် ထွက်​​ပြေးတိမ်း​ရှောင်​နေ​​သော ကျေးရွာများမှာ စီဟက်၊ ကုန်း​​လော၊ မိုင်းခတ်၊ မင်းဂျမ်း၊ မြို့သစ်၊နောင်ကွမ်း၊ ရွှေမြောင်း၊ နန့်ငိုး၊ မြို့ဟောင်း၊ တာလီ၊နွမ်လန်း ၊တောပေ​ကျေးရွာ အပြင် အခြား​ကျေးရွာများဖြစ်​ကြောင်းသိရသည်။
ဧပြီလ၁၀ရက်နေ့ကတည်းက ဖြစ်ပွားခဲ့​သော ဗန်းမော်-မြစ်ကြီးနား လမ်းတလျှောက်တွင် စစ်​ကောင်စီနှင့် ​ကေအိုင်​အေတို့အကြားတိုက်ပွဲများကြောင့် လမ်းတစ်​လျှောက်ရှိ ဒေသခံ ၂ထောင်ကျော်ခန့် စစ်ရှောင်နေကြရသည်။
အဆိုပါ တိုက်ပွဲဖြစ်စဉ်များကြောင့် ဒေသခံ၅ဦးထက်မနည်းသေဆုံးခဲ့ရပြီး သံဃာတော်တစ်ပါးပျံလွန်တော်မူခဲ့သည်။
ဒဏ်ရာရှိသူ ၅ဦးခန့်ရှိခဲ့ပြီး အိမ်ခြေအ​တော်များများလက်နက်ကြီး ကျရောက်မှုကြောင့် ပျက်စီးခဲ့ရ​ကြောင်းသိရသည်။

Photo Courtesy by CJ

သင့်ထင်မြင်ချက်ရေးပေးပါ