အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ဖက်ဒရယ်စနစ်သည် ခွဲထွက်ခြင်းမဟုတ်ဘဲ ပေါင်းစည်းခြင်းသာဖြစ်သည်ဟု သူ၏ လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့် ပြောကြားလိုက်သည်။
ဖက်ဒရယ်စနစ်သည် အထက်မှ အောက်သို့ အာဏာစီးဆင်းခြင်းမျိုး မဟုတ်ဘဲ အောက်ခြေမှ အထက်သို့ အဆင့်ဆင့် အာဏာသက်ရောက်မှုဖြစ်သည်ဟု ရေးသားထားသည်။
သူဦးဆောင်သွားမည့် ဝန်ကြီးဌာနသည် ထိုသဘောတရားကို အခြေခံသော စနစ်ဖြင့်ဖော်ဆောင်သွားမည်ဖြစ်သဖြင့် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ပေးရန်
ဆန္ဒပြုကြောင်းပြောသည်။
“တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးသည် သဘာဝအရင်းအမြစ်၏ အမွေခံများဖြစ်သည့် အားလျော်စွာ စုပေါင်းခေါင်းဆောင်မှု (collective leadership) ဖြင့် ပူးပေါင်းပါဝင် စီမံခန့်ခွဲနိုင်သည့် အခင်းအကျင်းမျိုးဖြစ်လာအောင် ဖော်ဆောင်သွားပါမည်။ အားလုံး ပူးပေါင်းပါဝင်ကြပါရန် ဆန္ဒပြုပါသည်” ဟုဆိုသည်။
မြန်မာပြည်သူလူထု လိုချင်တောင့်တနေသည့်အရာသည် အဓမ္မဝါဒ၏ အကြောက်တရားမှ ကင်းလွတ်ပြီး ပြည်သူတိုင်း မြို့ပြ ကျေးလက်တောရွာပါမကျန် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရပြီး လွတ်လပ်ပျော်ရွှင်သည့် ဘဝမျိုးကို ရယူခံစားရန် ဖြစ်သည့်အတွက် ထိုကဲ့သို့ဘဝမျိုးကိုရရှိခံစားနိုင်ရေးသည် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုစနစ်သည်သာလျှင် အားလုံး၏ဘုံအကျိုးစီးပွားကို အာမခံပေးနိုင်မည်ဟု သူ၏ သဘောထားကိုပြောသည်။
ဒေါက်တာတူးခေါင်သည် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံခွန်ခင်းတက္ကသိုလ်မှ ရပ်ရွာဒေသဖွံ့ဖြိုးရေး မဟာဘွဲ့နှင့် မြန်မာနိုင်ငံဓမ္မတက္ကသိုလ်မှ Doctor of Ministry ဘွဲ့ရရှိထားသူဖြစ်သည်။
သူသည် NLD အစိုးရသက်တမ်း တစ်လျှောက် ကချင်ပြည်နယ်အစိုးရ၏ လိုအပ်ချက်များအပြင် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်ကိုလည်း ထောက်ပြ၊ ဝေဖန်ခဲ့သူ ဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ