ချီဖွေမြို့

ကချင်ပြည်နယ် ချီဖွေမြို့နယ်မှ CDM လှုပ်ရှားမှုတွင်ပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများကို ဆေးရုံဝင်းအတွင်းရှိဝန်ထမ်းအိမ်ယာမှ ချက်ချင်းပြောင်းရွှေ့ခိုင်းသောကြောင့် အခက်အခဲနှင့် ကြုံနေရသည်ဟု သိရသည်။

ချီဖွေမြို့နယ် ဆေးရုံဝင်းအတွင်း နေထိုင်သော ဝန်ထမ်းမိသားစုများတွင် စစ်ရှောင်မိသားစုများပါဝင်ပြီး ချက်ချင်းပြောင်းရွှေ့ခိုင်းသောကြောင့် နေစရာအခက်အခဲဖြစ်နေသည်ဟု ချီဖွေမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက The 74 Media ကိုပြောသည်။
“ဆေးရုံဝင်းထဲနေတဲ့သူတွေက အလုပ်ပြန်မဝင်ဘူးဆိုရင် ဆေးရုံဝင်းထဲကရွှေ့ပေးရမယ်ပေါ့ အားလုံးက CDM ပဲလုပ်မယ်ဆိုတော့ ချက်ချင်းဖယ်ခိုင်းတာ အိမ်ထောင်စုတစ်ခုက စစ်ရှောင်ဟုတ်တယ် စစ်ရှောင်ထဲလည်းနေရာမရှိ ဝန်ထမ်းလည်းဟုတ်တော့ ဝန်ထမ်းဆောင်မှာလာနေတာ အဲ့တာ ချက်ချင်းကြီးပြောင်းခိုင်းတော့ သူတို့မိသားစုက ပိုဒုက္ခရောက်နေတာ” ဟု သူကပြောတယ်။
အဆိုပါကျန်းမာရေးဝန်ထမ်းများကို လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ရန် ဧပြီလ ၉ ရက်နေ့က ပထမအကြိမ်သတိပေးစာပေးပို့ပြီး ဧပြီလ ၂၈ ရက်နေ့နောက်ဆုံးထားကာ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခြင်းမရှိပါက ၅၀၅ (က) ဖြင့် တရားစွဲဆိုမှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ထားသည်ဟု သိရသည်။
သို့သော် ချီဖွေမြို့နယ်ဆေးရုံမှ ကျန်းမားရေးဝန်ထမ်း 95% ခန့်မှာ လုပ်ငန်းတာဝန်ကို ပြန်လည်ထမ်းဆောင်ခြင်းမရှိဘဲ နောက်ဆုံးအချိန်ထိ CDM တွင်ပါဝင်သွားမည်ဟု ဆုံးဖြတ်ထားသည်ဟု သိရသည်။

ချီဖွေမြို့နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများသည် ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စတင်ကာ CDM ဝန်ထမ်းအဖြစ် ခံယူပြီး ဆေးရုံမှတာဝန်များကို ထမ်းဆောင်ခြင်းမရှိတော့သည်မှာ ၆၂ ရက် ကြာပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ