ခေါင်လန်ဖူးဌာနေပြည်သူ့စစ်၏ နှိုးဆော်ချက်

ခေါင်လန်ဖူးမြို့ အခြေစိုက် ဌာနေပြည်သူ့စစ်အဖွဲ့က ယနေ့ထုတ်ပြန်လိုက်သည့် အများပြည်သူသို့ နှိုးဆော်ချက်ကို ပူတာအိုဒေသခံအချို့က လက်မခံကြောင်း သိရသည်။

ဧပြီလ ၉ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် စာတွင် ပူတာအိုဒေသအတွင်း မသမာသူအချို့က အစိုးရကို လက်နက်ကိုင်ဆန့်ကျင်ရန်စည်းရုံးလှုံ့ဆော်နေကြောင်း၊ ပြည်သူ့စစ်အဖွဲ့အနေဖြင့် ထိုသို့စည်းရုံးလှုံ့ဆော်မှုများကို ဆန့်ကျင်ကန့်ကွက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့်လည်း ထိုသို့သောလုပ်ရပ်များကို လုံခြုံရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆန့်ကျင်သွားရန် တိုက်တွန်းသည်ဟု ရေးသားထားသည်။
အဆိုပါထုတ်ပြန်ချက်သည် ပူတာအိုဒေသခံများ၏ သဘောထားမပါဘဲ ထုတ်ပြန်ထားခြင်းဖြစ်သဖြင့် ဆန့်ကျင်ကန့်ကွက်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ပြည်သူလူထုသဘောထားနဲ့ ဆန့်ကျင်နေလို့ ထုတ်ပြန်ထားတဲ့ Statement ကို တော်တော်လေးကန့်ကွက် ရှုံ့ချပါတယ်။ အဓိကက ခေါင်လန်ဖူး(ဌာနေ) ပြည်သူ့စစ်လို့သာပြောတာ ပြည်သူလူထုတဲ့သဘောထားမပါဘဲနဲ့ ဒီလို Statement ကို သူတို့ဘာသာ သူတို့သဘောထားနဲ့ ထုတ်ပြန်တာဖြစ်တယ်။ စစ်ကောင်စီနဲ့ သူတို့က အတူတူဖြစ်နေတာကို ဖော်ပြတာလို့ပဲ ယူဆတယ်” ဟုဆိုသည်။
ခေါင်လန်ဖူးဌာနေပြည်သူ့စစ်သည် ရဝမ်လူမျိုးစုများဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့စစ်အဖွဲ့ဖြစ်သဖြင့် ယခင်က ထောက်ခံခဲ့သော်လည်း အာဏာသိမ်းသည့် စစ်ကောင်စီနှင့် ရပ်တည်ခဲ့သဖြင့် ဆက်လက်မထောက်ခံနိုင်ဘဲ ပြည်သူလူထုနှင့်အတူ ရပ်တည်ရန် တိုက်တွန်းလိုသည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။
“ကျွန်တော်လည်း အရင်တလောထိ အကာအကွယ်လုပ်ပေးခဲ့ပါသေးတယ်။ အခုချိန်မှာ ခေါင်လန်ဖူး(ဌာနေ) ပြည်သူ့စစ်အဖွဲ့အနေနဲ့ ပြည်သူဘက်ကို မရပ်ပေးတဲ့အပြင် လူသတ်အကြမ်းဖက် သူပုန်အုပ်စု အဖွဲ့နဲ့ပူးပေါင်းပြီး သူပုန်နောက်လိုက်လုပ်နေလို့ ကျွန်တော်ရဝမ်လူငယ်တစ်ယောက်အနေနဲ့ ရှုံ့ချပါတယ်။ ရှက်မိပါတယ်။ ဒီလိုအဖွဲ့အစည်းကိုကာကွယ်ပေးခဲ့ပါလားဆိုပြီး နောင်တရမိပါတယ်။ နောက်ဆုံးအကြံပြုချင်တာက အဖြူရောင်နယ်မြေပူတာအို သွေးမစွန်းခင် ပြည်သူဘက်ကို ပူးပေါင်းပါဝင် စေချင်တယ်ဗျာ” ဟု ဆိုသည်။
ခေါင်လန်ဖူးဌာနေပြည်သူ့စစ်ကို ၂၀၀၆ ခုနှစ်တွင် ရှိန်းခေါင်အခြေစိုက် သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ခေါင်လန်ဖူးအခြေစိုက် ဌာနေပြည်သူ့စစ်အဖွဲ့အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ခေါင်လန်ဖူးဌာနေပြည်သူ့စစ်၏ ခေါင်းဆောင်ဖြစ်သူ ဦးရယ်ဒမ်းတန်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် နောင်မွန်မြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ