ဗန်းမော်တွင် အလုပ်မှအပြန် စစ်ကောင်စီများ ဖမ်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် မတ်လ ၂၇ နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသည့် ဦးမျိုးမင်းနိုင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ – က ဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။

ဗန်းမော်မြို့၊ ကမ်းနားလမ်း ရွှေဗန်းမော်ဆိပ်ကမ်းတွင် မတ်လ ၂၇ နေ့က အလုပ်မှအပြန် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်ပြီး မတ်လ ၃၀ တွင်ထောင်သို့ပို့လိုက်ကာ လက်ရှိတွင် ၅၀၅ – က ဖြင့်အမှုဖွင့်ထားသည်ဟု မိသားစုဝင်တစ်ဦးက The 74 Media ကိုပြောသည်။
“အခုကတော့ ထောင်ကြီးထဲမှာပါရှင့်၊ ၃၀ ရက်နေ့ကပို့လိုက်တာ၊ ၂၇ နှင့် ၂၈ မှာကျတော့ ကျွန်မတို့လိုက်တာ၊ ဘယ်မှာမှန်းကိုကျွန်မတို့လည်းမသိကြဘူး၊ အဲ့ဒါနဲ့ အဲ့ ၂၉ ရက်နေ့မှာတော့ ကျွန်မတို့ကတော့ဘယ်လိုပဲဖြစ်ဖြစ်ရဲစခန်းကိုတော့ လိုက်လိုက်တဲ့အခါကျတော့၊ ရဲစခန်းထဲမှာဆိုတာသေချာသွားလို့ အဲ့နေ့မနက်စားစရာသောက်စရာလေးနဲ့ သွားသွားလိုက်ရော” ဟု ပြောသည်။
ဦးမျိုးမင်းနိုင်ကို မနက်ဖြန် ရုံးထုတ်စစ်ဆေးမည်ဟု သူက ဆက်ပြောသည်။
နေ့စားသမားများ ဖြစ်သည့်အတွက် ယခုလိုအချိန်တွင်စားဝတ်နေရေးအတွက် ခက်ခဲပြီး ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသည့်နေမှစ၍ မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးသည့်အတွက် ကျန်းမာရေးအခြေအနေကို မသိနိုင်ကြောင်း သူက ဆက်ပြောသည်။
ဦးမျိုးမင်းနိုင်ဖမ်းဆီးခံရသည့်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည့် ဦးစုပြည့်ချမ်းသည်လည်း ဗန်းမော်စစ်ဆေးရုံတွက် ဆေးကုသမှုခံယူနေရပြီး မိသားစုစားဝတ်နေရေး ခက်ခဲနေသည်။

Photo Crd : Bhamo Platform

သင့်ထင်မြင်ချက်ရေးပေးပါ