အကြမ်းဖက်သူတို့၏ ဓားစာခံဖြစ်ခဲ့ရသည့် ကိုဖိုးသား

ဗန်းမော်မြို့ခွန်သာရပ်ကွက်အတွက် ဧပြီလ ၄ ရက် နံနက်သည် ခါတိုင်းနေ့များလို ငြိမ်သက်မနေဘဲ ဆဲဆိုသံများ၊ တံခါးရိုက်ဖွင့်သံများဖြင့် နိုးထလာခဲ့သည်။

ရဲဝတ်စုံဝတ်ထားသည့် အင်အား ၃၀၀ ခန့်က နံနက် ၃ နာရီခန့်တွင် ခွန်သာရပ်ကွက်ရှိနေအိမ်များကို ရုတ်တရက် အကြမ်းဖက်ဝင်ရောက်စီးနင်းခဲ့ပြီး အချို့ကို ရိုက်နှက်ဖမ်းဆီးလိုက်သည်။

အကြမ်းဖက်သူတို့၏ ဓားစာခံဖြစ်ခဲ့ရသည့် ကိုဖိုးသား

 

မနက် ၃ နာရီတွင် ထင်မှတ်မထားဘဲ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့သဖြင့် ရပ်ကွက်နေပြည်သူများအငိုက်မိသွားပြီး တုန့်ပြန်ချိန်မရခဲ့။
အင်တာနက်ဖြတ်တောက်ထားသဖြင့် ခွန်သာရပ်ကွက်ကို စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းခဲ့သည့်သတင်းကို အခြားနေရာများသို့ ပေးပို့နိုင်ရန် မဖြစ်နိုင်တော့ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်မှုကို ပြုသမျှနုခဲ့ရသည်။
လူမျိုးပေါင်းစုံနေထိုင်ပြီးလူဦးရေ တစ်သိန်းကျော်ရှိသည့် ဗန်းမော်မြို့သည် ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ ဖားကန့်မြို့များကဲ့သို့ စစ်အာဏာရှင်စနစ်ကို နေ့စဉ်ဆန္ဒပြကန့်ကွက်ခဲ့ကြရာ ခွန်သာရပ်ကွက်သည် စစ်အာဏာရှင်ကိုအံတုသည့် အဓိကရပ်ကွက်တစ်ခုဖြစ်လာခဲ့သည်။
တိုင်းရင်းသားပေါင်းစုံ၊ အစုအဖွဲ့ပေါင်းစုံက ခွန်သာရပ်ကွက်တွင် စုစုစည်းစည်းဖြင့် စစ်အာဏာရှင်ကိုတွန်းလှန်ခဲ့ကြသည်ဟု ဗန်းမော်ဒေသခံတစ်ဦးက ပြောသည်။
“ခွန်သာရပ်ကွက်က ဒီဗန်းမော်မှာ အားလုံးစုစုစည်းစည်းနဲ့ဆန္ဒပြတဲ့နေရာလေ၊ ကချင်လူငယ်တို့ ရှမ်းလူငယ်တို့အားလုံးက ခွန်သာရပ်ကွက်မှာပဲစုပြီး ဆန္ဒပြကြတာ၊ ဒီနေရာက အဓိကပဲ” ဟု ပြောသည်။
ခွန်သာရပ်ကွက်တွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ စုစုစည်းစည်းဖြင့် အင်တိုက်အားတိုက် စစ်အာဏာရှင်ကိုဆန့်ကျင်ကြသဖြင့် စစ်ကောင်စီတပ်များက ပစ်မှတ်ထား ဝင်ရောက်စီးနင်းခဲ့သည်ဟု အမည်မဖော်လိုသူ ခွန်သာရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။
“ခွန်သာကို သူတို့ကြောက်တယ်လေ၊ ဒီမှာက အားလုံးစည်းစည်းလုံးလုံးနဲ့ လုပ်ကြတာကိုး၊ တို့ရပ်ကွက်က လမ်းသွယ်တွေများတယ်၊ ဝင်ရခက်တယ်လေ၊ ဒါကြောင့် သူတို့ဝင်ရမှာ ကြောက်တယ်၊ ဒါကြောင့် လူမသိတဲ့ ညအချိန်မှာ ခိုးကြောင်ခိုးဝှက် ဝင်လုပ်ပြီး ဘာမှမဆိုင်တဲ့ စာကြည့်တိုက်ကိုတောင် ဖျက်ဆီးလိုက်တယ်” ဟု ဆိုသည်။
စစ်ကောင်စီတပ်က ခွန်သာရပ်ကွက်တွင်ပြုလုပ်ထားသည့် သဲအိတ်များကို ဖျက်ဆီးသွားသည့်အပြင် ဆန္ဒပြပြည်သူများထိခိုက်မိပါက ဆေးကုသည့်နေရာကိုလည်း ဝင်ရောက်ဖျက်ဆီးခဲ့သည်။
နံနက် ၉ နာရီခန့်တွင် အသက် ၂၆ နှစ်အရွယ် ကိုဝင်းနိုင်ဦးသည် နေအိမ်မှ စစ်ကောင်စီတပ်များဝင်စီးနင်းခဲ့သည့် ခွန်သာရပ်ကွက်ဘက်သို့ ဦးတည်ပြီး လမ်းလျှောက်သွားခဲ့သည်။
ခွန်သာရပ်ကွက်နှင့် ကပ်လျက်ရှိသည့် မင်းမနိုင်ရပ်ကွက်တွင်နေထိုင်သူတစ်ဦးဖြစ်ပြီး မနက်စောစောထလေ့မရှိသဖြင့် ခွန်သာရပ်ကွက်ကို ဝင်ရောက်စီးနင်းသည့် ရဲများနှင့်ပြဿနာဖြစ်နိုင်စရာအကြောင်းမရှိကြောင်း ဆွေမျိုးနီးစပ်သူများက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကိုဝင်းနိုင်ဦးကို သေနတ်ဒင်ဖြင့် ရိုက်နှက်ကာ ခြေထောက်တွင်တစ်ချက်၊ ရင်ဘတ်တွင်တစ်ချက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ အလောင်းကို ယူဆောင်သွားခဲ့သည်။
အေးအေးဆေးဆေးနေတတ်သည့် ကိုဝင်နိုင်ဦးသည် ဆန္ဒပြရာတွင်ပါဝင်ခြင်းမရှိဘဲ မုဆိုးမမိခင်နှင့် ညီမဖြစ်သူတို့ကို ရရာအလုပ်လုပ်ကာ ကျွေးမွေးထောက်ပံ့နေသူဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
“သူက ဆန္ဒပြပွဲလည်း တစ်ခါမှ မလိုက်ပါဘူး၊ အလုပ်ရှိရင် အလုပ်သွားတယ် ဒါပဲ၊ ရိုးရိုးသားသားအလုပ်ဆို အကုန်လုပ်တယ်၊ အိမ်မှာက သူ့အမေရယ်၊ ညီမရယ်၊ သူရယ်သုံးယောက်ပဲလေ” ဟု ဆွေမျိုးတစ်ဦးက ပြောသည်။
ကိုဝင်းနိုင်ဦးသည် ရက်ပိုင်းအတွင်း ရွှေမှော်သွားရန် ပြင်ဆင်နေသည်ဟု သူက ဆက်ပြောသည်။
“မနက်ဖြန် သဘက်ခါ ဆို သူ ရွှေမော်သွားဖို့ စီစဉ်ထားတာ ဟုတ်တယ်၊ အခုဒီလိုဖြစ်သွားတော့ ဘယ်လိုမှ သွားလို့မရတော့ဘူးလေ” ဟု ဆိုသည်။
နံနက်ပိုင်းတွင်အလောင်းကို ယူဆောင်သွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရင်ခွဲစစ်ဆေးကာ နေ့လယ် ၁၂ နာရီခန့်တွင် အလောင်းကိုပြန်ပေးခဲ့သည်ဟု အမည်မဖော်လိုသူ မိသားစုဝင်တစ်ဦးက ပြောသည်။
“အလောင်းက ၁၂ နာရီလောက်မှာ ပြန်ရတာ၊ ကျည်သုံးချက်မှန်ထားတယ် ၊ သွေးမရှိပဲ တအားဖြူဖတ်ဖြူရော်ဖြစ်နေတာ၊ ရင်ခွဲထားတဲ့နေရာက ၆ လက်မ ၇ လက်မလောက် ရှိမယ်ပြောတယ်” ဟု ဆိုသည်။
အလောင်းကိုပြန်ပေးခဲ့သော်လည်း ရင်ခွဲထားသည့်ပုံများ လူမှုကွန်ရက်တွင် ဖော်ပြမှုမရှိစေရန် လက်မှတ်ထိုးခဲ့ရသည်ဟုသူက ဆက်ပြောသည်။
လက်နက်ကိုင်ထားသူများက မတရားအကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသဖြင့် ယူကြုံးမရဝမ်းနည်းပြီး မချိတင်ကဲခံစားရသည်ဟု ကိုဝင်းနိုင်ဦး၏ ညီဖြစ်သူက ပြောသည်။
“အစ်ကိုတစ်ယောက်လုံး သေတာဆိုတော့ ဝမ်းနည်းတာပေါ့ ရိုးရိုးတန်းတန်းသေတာ မဟုတ်ဘူးလေ ရင်ထဲကတော့ မခံသာဘူးပေါ့၊ ဒါပေမဲ့ ကိုယ့်မှာက လက်နက်လည်း မရှိဘူး အာဏာလည်း မရှိဘူးလေ၊ သူတို့မှာက လက်နက်ရှိတယ်လေ ကျွန်တော်ကတော့ မကျေနပ်ဘူးပေါ့၊ မကျေနပ်လည်း ဘာမှ မလုပ်နိုင်ဘူး” ဟု ပြောသည်။
ဧပြီလ ၄ ရက်နေ့မတိုင်မီအထိ ဗန်းမော်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းခဲ့သဖြင့် သေဆုံးသူနှစ်ဦးရှိခဲ့ရာ ကိုဝင်းနိုင်ဦး ခေါ် ဖိုးသားသည် အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့် တတိယမြောက် အာဇာနည်ဖြစ်လာခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧပြီလ ၄ ရက်နေ့ နံနက် ၃ နာရီခန့်တွင် အကြမ်းဖက်ဝင်ရောက်စီးနင်းခဲ့မှုက ဗန်းမော်မြို့၏ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ခွန်သာရပ်ကွက်၏ အရေးပါမှုကို သက်သေထူနေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ