ဗန်းမော်တွင် ကျဆုံးသွားသူ၏ အလောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရင်ခွဲစစ်ဆေးခဲ့

ဗန်းမော်မြို့တွင် ယနေ့နံနက်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြမ်းဖက်သတ်ဖြတ်ခဲ့သူ၏ အလောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရင်ခွဲစစ်ဆေးခဲ့သည်ဟု သိရသည်။

ဗန်းမော်တွင် ကျဆုံးသွားသူ၏ အလောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရင်ခွဲစစ်ဆေးခဲ့

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်သဖြင့် ကျဆုံးသွားသူ ကိုဝင်းနိုင်ဦး (ခ) ဖိုးသား၏ အလောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယူဆောင်သွားပြီး ရင်ခွဲပြီးမှသာ အလောင်းကိုပြန်ပေးခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက The 74 Media ကို ပြောသည်။
“သူ့အလောင်းကို ယူသွားပြီး ဘာတွေလုပ်လိုက်သလဲမသိဘူး။ မိသားစုကို နေ့လယ် ၁၂ နာရီလောက်မှာ အလောင်းပြန်ပေးတယ်၊ ရင်ခေါင်းကနေ ချက်အထိ ချုပ်ရာနဲ့၊ ချုပ်ရာက ခြောက်လက်မလောက်ရှိတယ်” ဟု ပြောသည်။
ကိုဝင်းနိုင်ဦး၏အလောင်းကို မည်သည့်အတွက်ကြောင့်ရင်ခွဲခဲ့သည်ကို ရှင်းပြခြင်းမရှိဟု သူကဆက်ပြောသည်။
“ရှင်းပြတဲ့ အကြောင်းပြချက်မရှိဘူး ၊ သူတို့က ပြန်ဖွင့်မကြည့်ဖို့ပဲ ပြောတယ် ၊ အခုယူ အခု သင်္ဂြိုဟ်ခိုင်းတာ သူတို့စစ်ဆေးတာ ပေါ်မှာ စိုးလို့ထင်တယ် နေ့တောင် မကူးခိုင်းဘူး၊ ကျွန်တော်တို့က မိသားစု မစုံသေးဘူး ဆိုပြီး ဒီနေ့တော့ မသင်္ဂြိုဟ်သေးဘူးပေါ့ ၊ သူတို့က ရင်ခွဲထားတာကို စစ်ဆေးတာမျိုး ဓာတ်ပုံရိုက်တာမျိုးက ခွင့်မပြုဘူးတဲ့ “
အသက် ၂၆ နှစ် ကိုဝင်းနိုင်ဦးသည် ယနေ့နံနက် ၉ နာရီ ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဗန်းမော်မြို့ ခွန်သာရပ်ကွက်တွင် ဝင်ရောက်စီးနင်းခဲ့စဉ် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

ဗန်းမော်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းခဲ့မှုများကြောင် စုစုပေါင်း လူ ၃ ဦးသေဆုံးခဲ့ပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ