မအေးမြတ်မွန်

မြစ်ကြီးနား ကြက်ပေါင်ခြံရပ်ကွက်ရှိ အိမ်တန်းလျားတွင် မတ်လ ၂၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြမ်းဖက်ဝင်ရောက်စစ်ဆေးပြီး ဖုန်းနှင့်အတူဖမ်းဆီးခဲ့သည့် မအေးမြတ်မွန်ကို ယမန်နေ့ ဧပြီလ ၂ ရက်နေ့က မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေအိမ်အတွင်း အကြမ်းဖက်ဝင်ရောက်စစ်ဆေးစဉ် လူမှုကွန်ရက်စာမျက်နှာတွင် အာဏာရှင်ကို ဆန့်ကျင်သည့်စာသားများရေးသားမျှဝေထားသောကြောင့်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က ထောင်သို့ ပို့လိုက်သည်ဟု မိခင်ဖြစ်သူမှ The 74 Media ကိုပြောသည်။
“ထောင်ထဲကို ဒီကနေ့ညနေ ၄နာရီ ၅နာရီလောက်မှာရောက်သွားတယ်ထင်တယ်။ ထမင်းချိုင့်သွားပို့တာက ရဲတွေပဲ ယူပေးတာလေ၊ အမှတ်(၁)ရဲစခန်းထဲမှာ သူ့ကိုငါးရက်တိတိချုပ်ထားတာလေ၊ တွေ့လို့တော့မရပေမယ့် စကားတစ်ခွန်းနှစ်ခွန်းတော့ မှာလို့ရတယ်” ဟုသူကပြောသည်။
ဖမ်းဆီးစဉ်ကတည်းက မိသားစုဝင်များအနေဖြင့် မအေးမြတ်မွန်ကို တွေ့ခွင့်မရသေးဘဲ မည်သည့်ပုဒ်မဖြင့် အမှုဖွင့်ထားသည်ကိုလည်း မသိရှိရသေးကြောင်း သူက ဆက်ပြောသည်။
“ထမင်းသွားပို့တော့ မတွေ့လိုက်ရတော့ဘူး၊ ဖမ်းသွားကတည်းက မိသားစုနဲ့ မတွေ့ရဘူး၊ ဘာပုဒ်မနဲ့ တရားစွဲထားတာလဲမသိဘူး” ဟုဆိုသည်။
မအေးမြတ်မွန်၏ ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အကူအညီတောင်းသော်လည်း တစ်စုံတစ်ရာအကူအညီမရခဲ့ဟု ဆိုသည်။
“ရပ်ကွက်အုပ်ချုပ်ရေးမှူးကဖြင့် အန်တီတို့ကို ရှိတယ်လို့ကိုမထင်ဘူး။ အကူအညီတောင်းပေမယ့် လုံးဝမရတာ သမီးပါသွားလို့ပါဆိုတာကို ဘယ်လိုမှကိုပြောလို့မရဘူး” ဟု သူကပြောသည်။

အခြားဒေသမှ လာရောက်အလုပ်လုပ်ကိုင်နေသူ မအေးမြတ်မွန်သည် မိခင်နှင့်အတူနေထိုင်သူဖြစ်ပြီး ယခင်က ကားမယ်တစ်ဦးအဖြစ်လုပ်ကိုင်ခဲ့သည်ဟုလည်း သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ