မန်ခိန်ရပ်ကွက်ရှိ ကမ်းနားလမ်းတွင် ဓားနှင့် ခုတ်ပြီး ဆိုင်ကယ်နှင့်ဖုန်းလုခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မန်ခိန်ရက်ကွက်ရှိ ကမ်းနားလမ်းတွင် ဧပြီလ (၁)ရက် ညနေပိုင်း (၄) နာရီခန့်က အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဓားဖြင့်ခုတ်ပြီး ဆိုင်ကယ်နှင့် ဖုန်းလုယူခံရသည်ဟု သိရသည်။

မန်ခိန်ရပ်ကွက်ရှိ ကမ်းနားလမ်းတွင် ဓားနှင့် ခုတ်ပြီး ဆိုင်ကယ်နှင့်ဖုန်းလုခံရ

ယမန်နေ့ ညနေ ၄ နာရီခန့်က လူစောင့်နေသော ၎င်းတို့နှစ်ဦးကို အမျိုးသားနှစ်ဦးက လာရောက် ဓားဖြင့်ခုတ်ကာ ဆိုင်ကယ်နှင့် ဖုန်းများလုယူသွားသည်ဟု တိုက်ခိုက်ခံရသူ အမျိုးသားတစ်ဦးက The 74 media ကို ပြောသည်။
“ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဆိုင်ကယ်နဲ့ဖုန်းလုသွားတာ လူနှစ်ယောက်ဟုတ်တယ်။ သူတို့နှစ်ယောက်က ကျွန်တော်တို့နှစ်ယောက်နေတဲ့နေရာဆီလာခဲ့ပြီး မသိသလိုလို ယောင်ဆောင်ပြီး ကျွန်တော့ကို ဓားနဲ့ ချက်ချင်း ဝင်ခုတ်တယ် ချိန်းခြောက်ပြီး ဆိုင်ကယ်သော့ တောင်းတယ်။ ပြီးတော့ ဆိုင်ကယ်သော့ ပေးတာနဲ့ တစ်ခါပြန် ခုတ်တယ်” ဟု သူကပြောသည်။
အတူထိုင်နေသည့် အမျိုးသမီးသည်လည်း ဓားဖြင့်တိုက်ခိုက်ခံရပြီး နှာသီးထိပ်တွင် အခုတ်ခံရကြောင်း ဓားဖြင့်ခုတ်ခံရသည့် အမျိုးသမီးက ပြောသည်။
“ကျွန်မလည်း သူ့ကိုခုတ်တာ မြင်တော့ ကြောက်လို့ အော်တယ်။ အဲဒီအခါကျတော့ ခြေထောက်ကို ဓားနဲ့ ခုတ်တယ်။ ကျွန်မက ပိုကြောက်ပြီး ပြန်အော်တဲ့အခါ နှာသီးထိပ်ကို ခုတ်ပေးလိုက်တယ်။” ဟုသူကပြောသည်။

ဓားဖြင့်ခုတ်ခံရသောကြောင့် အမျိုးသားသည် ပခုံးရိုးကျိုးသွားပြီး အမျိုးသမီးသည် နှာသီးထိပ်တွင် (၇)ချက် ချုပ်ထားရကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ