CDM တွင်ပါဝင်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထိန်းချုပ်နယ်မြေတွင်ရောက်ရှိနေသူများကို စစ်ကောင်စီ ပြန်လည်ဖိတ်ခေါ်၊ CDM ကို ကိုင်တွယ်ပုံ ပြောင်းလဲလာဟု သုံးသပ်

တိုင်းရင်းသားလက်နက်ကိုင်များထိန်းချုပ်သည့် နယ်မြေတွင်ရောက်ရှိနေသည့် CDM တွင်ပါဝင်သူများနှင့် ကျောင်းသားများကို မိမိတို့၏ နေရပ်သို့ ပြန်လည်ဝင်ရောက်ရန် စစ်ကောင်စီက ဖိတ်ခေါ်ထားသည်။

ဧပြီလ ၂ ရက်နေ့ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ရေးသားထုတ်ပြန်ထားသည့် အဆိုပါစာတွင် NLD ပါတီနှင့် CRPH အဖွဲ့များ၏ လှုံ့ဆော်မှုများကြောင့် နိုင်ငံ့ဝန်ထမ်းများသည် CDM တွင်ပါဝင်နေကြပြီး အချို့သည် တိုင်းရင်းသားလက်နက်ကိုင်ဒေသသို့ စိုးရိမ်စိတ်များဖြင့် တိမ်းရှောင်နေရသည်ဟု ရေးသားထားသည်။
အကြောင်းအရာတစ်မျိုးမျိုးကြောင့် ပြစ်မှုကျူးလွန်ထားသူများမှလွဲ၍ တိမ်းရှောင်နေသူများကို မိမိဆန္ဒဖြင့် ပြန်လည်ဝင်ရောက်လိုပါက အရေးယူခြင်းမရှိဘဲ ပြန်လည်လက်ခံမည်ဟု ရေးသားထားသည်။
CDM တွင်ပါဝင်ပြီး လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွင် တိမ်းရှောင်နေသည့် အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ၎င်းအနေဖြင့် CDM တွင် ပါဝင်သည်မှာ ပြည်သူလူထုနှင့်တစ်သားတည်း ရပ်တည်လိုသဖြင့် ပါဝင်ရခြင်းဖြစ်သည်ဟု The 74 Media ကိုပြောသည်။
“ကျွန်တော့်အသက်မွေးဝမ်းကြောင်း ထိခိုက်နိုင်မှန်းသိပေမယ့် ပြည်သူနဲ့အတူရပ်တည်ချင်လို့ CDM ဝင်တာပါ၊ ဘယ်သူ့ ဖိအားမှမပါပါဘူး၊ ကိုယ့်လိပ်ပြာကိုယ်လုံချင်လို့ပါ” ဟုပြောသည်။
စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ ပြန်လည်ခေါ်ယူနေခြင်းသည် CDM ဝန်ထမ်းများကို ကိုင်တွယ်မှု ပြောင်းလဲလာခြင်းဖြစ်နိုင်သည်ဟု သူက ဆက်ပြောသည်။
“အစက အပြစ်ပေးအရေးယူမယ်ပြောပြီး တချို့ကို တာဝန်က ယာယီရပ်ဆိုင်းတယ်၊ ရုံးပြန်တက်တဲ့သူတွေလည်း ရှိပါတယ်၊ ဒါပေမဲ့ ဒီလိုပြောင်းလဲလာတာက အပျော့ဆွဲပုံစံပေါ့၊ CDM အလုပ်ဖြစ်လို့ နည်းလမ်းမျိုးစုံနဲ့ သူတို့ပြန်ဆွယ်နေတာလို့မြင်တယ်” ဟု သူက သုံးသပ်သည်။

ကချင်ပြည်နယ်မှ အစိုးရရုံးများတွင် CDM လုပ်ဆောင်နေသည့် ဝန်ထမ်းအများအပြားရှိပြီး အချို့ကို မတ်လတွင် စတင်အရေးယူခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ