မြစ်ကြီးနားတွင် အဖမ်းခံရသည့် သတင်းထောက်နှစ်ဦးကို အမှုဖွ

မြစ်ကြီးနားမြို့တွင် မတ်လ (၂၉) ရက်နေ့တွင် ဖမ်းဆီးခံရသည့် The 74 Media နှင့် Kachinwaves မှသတင်းထောက်နှစ်ဦးကို တပ်မတော်အကြည်အညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် ယနေ့အမှုဖွင့်လိုက်သည်ဟု သိရသည်။

The 74 Media မှသတင်းထောက် မချန်ဘူ နှင့် Kachinwaves မှ ကိုလရော်တို့နှစ်ဦးကို မြစ်ကြီးနားမြို့ အမှတ် ၁ ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး မနက်ဖြန်ထောင်ကြီးသို့ ပို့ဆောင်မည်ဖြစ်သည်ဟု The 74 Media မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“မနက်ဖြန် ထောင်ကြီးကို ပို့မယ်လို့ သိရတယ်။ ပုဒ်မ ၅၀၅ (က) ပါ၊ ဒီနေ့ပဲအမှုဖွင့်လိုက်ပါတယ်” ဟု ပြောသည်။
သတင်းထောက်များကို ဖမ်းဆီးခြင်းသည် ပြည်သူကို အမှန်တရားမသိရှိစေလို၍ဖမ်းဆီးအမှုဖွင့်ခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။
“ကျွန်တော်တို့ သတင်းတိုက်က သတင်းထောက်ကို အမှုဖွင့်တာဟာ သတင်းဌာနကိုပဲ ခြိမ်းခြောက်နေတာမဟုတ်ပါဘူး၊ အမှန်တရားကို ခြိမ်းခြောက်နေတာပါ၊ ပြည်သူတွေ သတင်းမှန်သိမှာကို စိုးရိမ်တဲ့အတွက် သတင်းထောက်တွေကို ဖမ်းဆီးအမှုဖွင့်နေတာလို့မြင်ပါတယ်” ဟု ဆိုသည်။

ပုဒ်မ ၅၀၅ (က) မှာ အာမခံပေးလေ့မရှိဘဲ အချုပ်ဖြင့် အမှုရင်ဆိုင်ရသည့် ပုဒ်မဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်နှစ်နှစ်အထိ ချမှတ်ခံရနိုင်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ