CDM တွင်ပါဝင်သည့် ဝန်ထမ်းနှစ်ဦးကို ပြည်နယ်အခွန်ဦးစီးဌာနရုံး အပြစ်ပေးအရေးယူ

Civilian Disobedience Movement (CDM) တွင်ပါဝင်သည့် ဝန်ထမ်းနှစ်ဦးကို ကချင်ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံးက တာဝန်မှယာယီရပ်ဆိုင်းခြင်းဖြင့် အပြစ်ပေးအရေးယူလိုက်သည်ဟု သိရသည်။

ကချင်ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းတစ်ဦးနှင့် မြစ်ကြီးနားမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းတစ်ဦးကို မတ်လ ဒုတိယပတ်တွင် တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။
အခွန်ဦးစီးဌာနမှူးရုံးများတွင် CDM တွင် ပါဝင်သည်ဟု လိမ်ညာကာ ရုံးပုံမှန်တက်နေသူများရှိသဖြင့် အရေးယူသည်ကို ရုံးစာဖြင့် အသိပေးသည်ကို ဝမ်းသာမိသည်ဟု အရေးယူခံရသည့် ဝန်ထမ်းတစ်ဦးက ပြောသည်။
“ရုံးမှာက CDM လုပ်တယ်ပြောပြီး ရုံးခိုးတက်နေတဲ့သူအများကြီးရှိတယ်လေ။ အခုလို အရေးယူတာကို စာနဲ့အကြောင်းကြားလိုက်တော့ ဘယ်သူ CDM တကယ်လုပ်သလဲဆိုတာ ပိုသေချာသွားတာပေါ့၊ ဒါကြောင့် ပိုတောင် ဝမ်းသာမိပါတယ်” ဟု ပြောသည်။
CDM တွင် ပါဝင်သည်မှာ ပြည်သူလူထုနှင့် တစ်သားတည်းရပ်တည်ခြင်းဖြစ်သဖြင့် ဝန်ထမ်းအားလုံးကို ပါဝင်စေလိုသည်ဟု သူက ဆက်ပြောသည်။
“CDM လုပ်လို့ သေသွားရင်တောင် ဂုဏ်ယူရမှာလေ၊ ဒါကြောင့် ပြည်သူလူထုနဲ့ တစ်သားတည်း ရပ်တည်ဖို့ တခြားဝန်ထမ်းတွေကိုလည်း တိုက်တွန်းချင်တယ်” ဟု ပြောသည်။

ကချင်ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ဝန်ထမ်း ၂၅ ဦးခန့်ရှိပြီး မြစ်ကြီးနားမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ၃၅ ဦးခန့် ရှိသည်ဟု သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ